ဇန်နဝါရီ ၁၄ ရက်မှာ မိတ်ဆက်မယ့် Samsung Galaxy S21

Samsung ဟာ ၂၀၂၁ ခုနှစ်မှာတော့ Galaxy S21 ဖုန်းကို ပုံမှန်ထက်စောပြီး မိတ်ဆက်ပါတော့မယ်။ Samsung ဟာ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံး Unpacked ပွဲဖိတ်စာကို ဖြန့်ချိခဲ့ပါတယ်။

Unpacked ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက် ပစိဖိတ်အချိန် နံနက် ၇ နာရီမှာ ပြုလုပ်သွားပါမယ်။ Samsung ဟာ Galaxy S21 မိတ်ဆက်ပွဲကိုတော့ မနှစ်ကထက် တစ်လစောပြီး ပြုလုပ်သွားပါမယ်။ ပွဲပြုလုပ်တဲ့နေ့က CES ပြပွဲနောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။ ဖိတ်စာထဲမှာ “Welcome to the Everyday Epic” ဆိုတဲ့ အာဘော်စာသားကို ထည့်ထားပါတယ်။ “ပြီးခဲ့တဲ့နှစ်မှာ မိုဘိုင်းနည်းပညာက နေ့စဉ်ဘဝအတွက် အလွန်အရေးပါလာပါတယ်။ လူတွေကလည်း အဝေးကနေ အလုပ်လုပ်ပြီး အိမ်မှာ အချိန်ဖြုန်းတာတွေ ပြုလုပ်လာပါတယ်” လို့ Samsung ကပြောခဲ့ပါတယ်။ “မိုဘိုင်းအသားပေး ကမ္ဘာကြီးဆီသွားနေတဲ့ အရှိန်မြှင့်တင် အပြောင်းအလဲမှာ ထုတ်ကုန်တွေ လိုအပ်ချက် မြင့်မားလာပါတယ်။ နေ့စဉ်ဘဝအတွင်း အလွန်ထူးခြားတဲ့ အတွေ့အကြုံတစ်ခု အဖြစ် ပြောင်းလဲနိုင်ပါတယ်” လို့လည်း ဆိုပါတယ်။

Samsung ဟာ ဇန်နဝါရီ ၁၄ ရက် Unpacked ပွဲမှာ ၆.၂လက်မ S21, ၆.၇လက်မ S21 Plus နဲ့ ၆.၈လက်မ S21 Ultra ဖုန်း ၃ မျိုး မိတ်ဆက်နိုင်ပါတယ်။ အဲဒီထုတ်ကုန်တွေမှာ ကင်မရာအစိတ်အပိုင်းတွေ ကြီးမားလာပြီး ဓာတ်ပုံနဲ့ ဗီဒီယိုလုပ်ဆောင်ချက်ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««