ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၈ ထရီလီယံရှိဟု Wave Money မှ ထုတ်ပြန်

ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ) အထိ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပါက နေ့စဉ် WavePay အသုံးပြုသူသစ် ပျမ်းမျှဦးရေမှာ ၁၆၂% အထိ တိုးတက်လာကြောင်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Wave Money မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“တကယ့်ကို စိတ်လှုပ်ရှားစေတဲ့ အောင်မြင်မှုမှတ်တိုင် တစ်ရပ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုတင် မကပါဘူး။ ပြည်သူများ ဒီဂျစ်တယ်နည်းပညာရပ်ကို ဘယ်လောက်ထိ ဘယ်လို လက်ခံအသုံးပြုလာကြသလဲ ဆိုတာကို ပေါ်လွင်စေတဲ့ အပြုသဘောဆောင်တဲ့ အညွှန်းကိန်းတစ်ခု ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ “ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ၏အနာဂတ်သစ်ဖန်တီးရန်” ဆိုတဲ့ မျှော်မှန်းချက်နဲ့အညီ မိုဘိုင်းငွေကြေးကဏ္ဍက အခုဆိုရင် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်နဲ့ တည်ရှိနေတာကို သိလိုက်ရတာ အရမ်းကို ဝမ်းသာမိပါတယ်”လို့ Wave Money ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Brad Jones ကပြောပါတယ်။

မိုဘိုင်းကွန်ရက် အော်ပရေတာတွေရဲ့ ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ GSMA အရ အသုံးပြုလျက်ရှိသော မိုဘိုင်းငွေကြေးအကောင့်တစ်ခု ဆိုသည်မှာ ရက်ပေါင်း ၃၀ သို့မဟုတ် ၉၀ အတွင်းတွင် အနည်းဆုံး တစ်ကြိမ် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုလျက်ရှိသည့် မိုဘိုင်းငွေကြေးအကောင့်တစ်ခုဖြစ်ကြောင်း၊ GSMA ရဲ့ State of the Industry Report (SOTIR) ၂၀၁၉ အစီရင်ခံစာမှာ သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို မကြာခဏဆိုသလို အသုံးပြုလေ့ရှိပြီး နေ့စဉ်ဘဝလှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် တည်ရှိလျက်ရှိကြောင်း ၊ ယမန်နှစ်ကုန်ပိုင်းတွင် ၃၇၂ သန်းသော အကောင့်အချို့ရဲ့ ၃၅.၈% သည် ရက်ပေါင်း ၉၀ အတွင်းတွင် ဆက်တိုက်အသုံးပြုခဲ့ကြကြောင်း၊ နှိုင်းယှဉ်မှုအရ ရက်ပေါင်း ၃၀ နှင့် ရက်ပေါင်း ၉၀ ဆက်တိုက် အသုံးပြုမှု ကွာခြားချက်သည် တစ်စနှင့်တစ်စ ကျဉ်းမြောင်းလာကြောင်း၊ အစီရင်ခံစာအရ ရက်ပေါင်း ၉၀ အထိ စဉ်ဆက်မပြတ် အသုံးပြုသော အကောင့်အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ လစဉ်ပုံမှန် အသုံးပြုလေ့ရှိကြောင်း၊ GSMA ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်တွင် လစဉ်ပုံမှန် အသုံးပြုတဲ့ မိုဘိုင်းငွေကြေး အသုံးပြုသူတွေဟာ ၂၀၁၉ ခုနှစ်အတွင်း ရက် ၉၀ ဆက်တိုက်အသုံးပြုသော အကောင့် ၃၇၀ မီလီယံကို ကျော်လွန်လာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««