ဇန်နဝါရီလအတွင်း မြို့ ၇ မြို့တွင် Telenor ၏ 4G/LTE ကွန်ရက်တိုးချဲ့

ဇန်နဝါရီလအတွင်း မြို့ ၇ မြို့မှာ Telenor ရဲ့ 4G/LTE ကွန်ရက်တိုးချဲ့ လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တိုးချဲ့လိုက်တဲ့ မြို့တွေကတော့ မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာမြို့နဲ့ ကျောက်ပန်းတောင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နဲ့ ရခိုင်ပြည်နယ် သံတွဲမြို့တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်နဲ့ မြောင်းမြမြို့တွေမှာတော့ လာမယ့်အပတ်မှာ မိတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းက မြို့ကြီးနဲ့ မြို့နယ်ပေါင်း ၁၂၀ ကျော်မှာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်၊ ၂၀၁၈ ခုနှစ် အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတစ်ဝန်းက မြို့နယ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းမှာ 4G ကွန်ရက် အမြန်နှုန်းတွေကို အသုံးပြုနိုင်အောင် ဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောပါတယ်။

4G လှိုင်းနှုန်းစဉ်အသုံးပြုမှု နှစ်ဆတိုးမြှင့်ဖို့အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ၁၈၀၀ MHz လှိုင်း နှုန်းစဉ်ရဲ့ ၂ x ၁၀ MHz ကို ထပ်ဆောင်းရယူဖို့ အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

-ထွန်းထွန်း