ဆေးဘက်အကူဝန်ထမ်းတွေ အသုံးပြုလာနိုင်တဲ့ Iron Man ရော့ကတ်ဝတ်စုံ

အနာဂတ်မှာ လေကြောင်းဆေးဘက်အကူဝန်ထမ်းတွေက ကျေးလက်လည်ပတ်သူတွေ ဒဏ်ရာရသူနဲ့ လူသူကင်းဝေးတဲ့ တောင်တန်းတွေကြားထဲ ရောက်ရှိသူတွေကို ရှာဖွေကုသဖို့ ရော့ကတ်ကို အသုံးပြုလာနိုင်ပါတယ်။

တီထွင်သူ ရစ်ချတ်ဘရောင်နင်က လန်ဒယ်ပိုက်ဒေသမှာ ရော့ကတ်ဝတ်စုံကို စမ်းသပ်ခဲ့ပါတယ်။ သူဟာ ကျေးလက်ရှုခင်းကြည့်ဖို့ လမ်းလျှောက်သူအဖွဲ့ကို ရှာဖွေဖို့ အမြင့်ပေ၂၀ ကနေ ခက်ခဲတဲ့ မြေပြင်အနေအထား အပေါ်စီးကနေ ပျံသန်းခဲ့ပါတယ်။

စမ်းသပ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ၈ မိနစ်အောက်နဲ့ ပေ ၃,၁၁၇ မြင့်မားတဲ့ ဟယ်ဗီလင်တောင်ထိပ်ဆီကိုလည်း တက်လှမ်းပြခဲ့ပါတယ်။ အဲဒီ အမြင့်ပေကို ခြေကျင်တက်ရောက်မယ် ဆိုရင်တော့ တစ်နာရီလောက် ကြာမြင့်နိုင်ပါတယ်။

GNAAS အဖွဲ့ကတော့ ဘရောင်နင်ရဲ့ဝတ်စုံကို အသုံးပြုဖို့ ဆွေးနွေးနေပါတယ်။ စမ်းသပ်ပျံသန်းမှုတွေကိုတော့ တစ်နှစ်ကျော်လုပ်ဆောင်ပြီး လာမယ့်နွေရာသီ အစောပိုင်းမှာ တရားဝင် အသုံးပြုနိုင်ပါမယ်။ Marvel Iron Man စူပါဟီးရိုးကို စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့ ဝတ်စုံကိုတော့ ပေါင် ၃၄၀,၀၀၀ နဲ့ရောင်းချပါမယ်။ ဒါပေမဲ့ ဘရောင်နင်ပိုင်ဆိုင်တဲ့ Gravity ကုမ္ပဏီကတော့ အရေးပေါ်ကိစ္စအတွက် လိုအပ်တဲ့သူတွေကို ငှားရမ်းပေးတဲ့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: DailyMail

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««