ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊တွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာအဆင့်မြင့်အရာရှိကြီးများ၏ (၉) ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ခဲ့

ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊တွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာအဆင့်မြင့်အရာရှိကြီးတွေရဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲကို Video Conferencing နဲ့ စက်တင်ဘာ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှ ကိုဗစ်-၁၉ ဆိုင်ရာကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် နည်းဗျူဟာရေးဆွဲပြန်လည်ထူထောင်ရေးဖြစ်သည့် အတွက် အခြေခံပညာကဏ္ဍရှိ အမျိုးမျိုးသော စိန်ခေါ်မှုများ၊ အခက်အခဲများအပေါ် နိုင်ငံအသီးသီး၏အတွေ့အကြုံများကို ဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကြီးကြပ်ရေး ပူးတွဲအဖွဲ့များကို ဖွဲ့စည်းကာ အကဲဖြတ်အချက် ၈၀ ပါစာရင်းဖြင့် အကဲဖြတ်ပြီး သတ်မှတ်ထားသော A အဆင့်ရရှိသည့် အထက်တန်းကျောင်းများကို ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံအကြိုသန်းခေါင်စာရင်း (၂၀၁၉) အရ အလယ်တန်းနှင့် အထက်တန်းကျောင်းအပ်နှံမှု သိသာစွာမြင့်တက်လာခဲ့ပြီး မူလတန်းကျောင်းထွက်နှုန်းမှာ ၁ ရာခိုင်နှုန်း၏အောက်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်သဖြင့် ဆရာများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာသကဲ့သို့ မူလတန်းပညာရေးတွင် အရည်အသွေးနှင့် အတွေ့အကြုံရှိသော ဝါရင့်ဆရာများအတွက် အခွင့်အလမ်းများ ပိုမိုအားပေးလာနိုင်မည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာဒီဂျစ်တယ်ပညာရေးအစီအစဉ် (Myanmar Digital Education Platform – MDEP) ကို တည်ဆောက်ကာ အခြေခံပညာဆရာများအား Grade 4,7,10 သင်ရိုးသစ်သင်တန်းများ အွန်လိုင်းမှပို့ချခဲ့ကြောင်း၊ Industry 4.0 ခေတ်တွင် အာဆီယံဒေသတွင်းနည်းပညာနှင့် အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ၂၁ ရာစုစွမ်းရည် Soft Skills များကို အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှ တစ်ဆင့် မြှင့်တင်ပေးသွားကြရမည်ဖြစ်ပြီး အလုပ်အကိုင်ကောင်းများရရှိရေးအတွက် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဘဝတစ်သက်တာသင်ယူမှုတွင် High-tech Learning နှင့် High-touch Learning ကိုလည်း အားပေးဆောင်ရွက်သွားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ထိုင်းနိုင်ငံဆီမီယိုရုံးချူပ် SEAMEO Secretariat မှ ညွှန်ကြားရေးမှုး Dr Ethel Agnes P. Valenzuela က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Keynote Presentations များကို UNESCO Bangkok မှ DrLibing Wang,UNICEF EAPRO မှ Mr Francisco Benavides နဲ့ မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««