ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှုများ မြင့်တက်လာခဲ့

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတကင်းမဲ့မှုကြောင့် လွန်ခဲ့သည့် ၅ နှစ်အတွင်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရာဇဝတ်မှုဖြစ်ပွားမှုများ အလွန်အမင်း မြင့်တက်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန၊ ဌာနမှူး ရဲမှူးကြီးညွန့်ဝေက မြန်မာဆိုက်ဘာလုံခြုံရေး (Myanmar Cybersecurity Month 2020) ရဲ့ အဖွင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“၂၀၁၅ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု အခု ၂၀ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု ၂၂၀ ကျော်၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၃၂၀ ကျော်နဲ့ ၂၀၁၉ မှာ ၃၇၀ ကျော်အထိ ရှိခဲ့ပါတယ်။ ဒီ ၂၀၂၀ မှာတော့ ဒီနေ့အထိက ဆိုက်ဘာရာဇဝတ်မှုပေါင်း ၅၅၀ ကျော်အထိ ရှိနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့အထိ Facebook အသုံးပြုသူဦးရေ ၂၃ သန်း ရှိပါတယ်။ အဲဒီထဲက အများအပြားက သူတို့အကောင့်ရဲ့ password ကိုတောင် မသိကြပါဘူး။ လူတချို့က ဝက်ဘ်ဆိုက်အတု ဒါမှမဟုတ် အကောင့်အတုတွေ သုံးပြီးတော့ သူတို့ဆီကို ငွေလွှဲပေးဖို့ အလိမ်အညာတွေ လုပ်နေကြသလို အွန်လိုင်းမှာ လူကုန်ကူးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ် ပစ္စည်းကိရိယာတွေကို အသုံးပြုသူတိုင်း နားလည်ထားရမယ့် တာဝန်ဝတ္တရားတစ်ခုလည်း ဖြစ်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

မြန်မာဆိုက်ဘာလုံခြုံရေး (Myanmar Cybersecurity Month 2020) ရဲ့ အဖွင့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီ ၃၀ မိနစ်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ နည်းပညာမှုခင်းဌာန၊ မှုခင်းရဲတပ်ဖွဲ့ ၏ ဌာနမှူး ရဲမှူးကြီးညွန့်ဝေ၊ US ICT Council for Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Gretchen Kunze, မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဌဖြစ်သူ ဦးရဲရင့်ဝင်းနဲ့ Wave Money နည်းပညာအရာရှိချုပ် ဖြစ်သူ ဦးထင်အောင်လှိုင်တို့ တက်ရောက်ခဲ့ပြီး ယခု အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမယ့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေနဲ့ လှုပ်ရှားမှုတွေအကြောင်းကို ပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««