ဆိုက်ဘာခြိမ်းခြောက်မှုရန်မှ ကာကွယ်ပေးမည့် Web Shield ဝန်ဆောင်မှုကို တယ်လီနော မိတ်ဆက်

တယ်လီနောမြန်မာရဲ့ကွန်ရက်ပေါ်မှ စီးပွားရေးဝန်ဆောင်မှု သုံးစွဲသူ အားလုံးအတွက် မြန်မာ့ ပထမဆုံး cloud နည်းပညာအခြေခံ အင်တာနက်လုံခြုံရေး ဝန်ဆောင်မှုသစ်တစ်ခု ဖြစ်တဲ့ Web Shield ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

“အခုဆိုရင် လုပ်ငန်းတော်တော်များများက အွန်လိုင်းပေါ်ကို ရောက်လာကြပြီး လုံခြုံစိတ်ချရတဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်နိုင်ရေးအပေါ် မှီခိုလာကြပါတယ်။ ကိုဗစ်-၁၉ ကလည်း ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းမှုကို ထပ်လောင်း အရှိန်ပိုမြှင့်တင်ပေးလျက်ရှိပါတယ်။ ပိုမိုများပြားလာတဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့ လုပ်ငန်းရှင်တွေနဲ့ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေကလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘာမှ ထပ်မံထည့်သွင်းဖို့ မလိုအပ်တဲ့အပြင် ကွန်ရက်မှာ ချိတ်ဆက်လိုက်ရုံနဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးနိုင်တဲ့ အတွက် သုံးစွဲသူတွေအနေနဲ့ သူတို့အတွက် အ‌ရေးပါဆုံးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းအပေါ်မှာ ပိုမိုအာရုံစိုက်နိုင်တော့မှာပဲ ဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ ဒေါ်ယဉ်ယဉ်ဌေးက ပြောပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေး နည်းပညာဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Web Shield ကို မည်သည့်ဆော့ဖ်ဝဲလ်ကိုမျှ ထည့်သွင်းစရာ မလိုအပ်ဘဲ အသုံးပြုနိုင်အောင် တယ်လီနောကွန်ရက်မှ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တယ်လီနောကွန်ရက်မှ တစ်ဆင့် ထောက်ပံ့ပေးအပ်ထားတဲ့ ယခုဒစ်ဂျစ်တယ်လုံခြုံရေးနည်းပညာဟာ သုံးစွဲသူတွေကို malware မသင်္ကာဖွယ်ဆော့ဖ်ဝဲလ် (သို့) ဗိုင်းရပ်စ်မှတစ်ဆင့် ကွန်ပျူတာ (သို့) ကွန်ရက်ပေါ်ရှိ အချက်အလက်များကို ရယူခြင်း၊ phishing အရေးကြီး အချက်အလက်များကို အီးမေးလ်၊ ဖုန်း၊ မက်ဆေ့ခ်ျမှ တစ်ဆင့် တစ်စုံတစ်ဦးအနေနဲ့ ဟန်ဆောင်ကာ လိမ်လည်ရယူခြင်းနှင့် botnets attack ကွန်ရက်တစ်ခုတည်းကို မျှဝေအသုံးပြုနေတဲ့ စက်များကို မသမာတဲ့အဖွဲ့များမှ ထိန်းချုပ်ရန် လှည့်စားလုပ်ဆောင်တိုက်ခိုက်ခြင်း အစရှိတဲ့ အဓိက ဆိုက်ဘာခြိမ်း‌ခြောက်မှုများမှ တိုးမြှင့်ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိတ်ဆက်ကာလအတွင်း စာရင်းပေးသွင်းသော မိုဘိုင်းစီးပွားရေးဝန်ဆောင်မှုသုံးစွဲသူတွေအနေဖြင့် Web Shield ဝန်ဆောင်မှုကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အခမဲ့ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

“အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ အနေနဲ့ သူတို့ရဲ့ သုံးစွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ မိတ်ဖက်လုပ်ငန်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်ဖို့ သမားရိုးကျ Firewall နဲ့ antivirus ဆော့ဖ်ဝဲလ် တွေကလွဲရင် ဘယ်ဆိုက်ဘာလုံခြုံရေးနည်းပညာကို အသုံးပြုရမလဲ ဆိုတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ တယ်လီနောရဲ့ လက်ရှိ ကွန်ရက်ထဲမှာတင် Web Shield ဝန်ဆောင်မှုကို ထောက်ပံ့ပေးလိုက် တဲ့အတွက် စီးပွားရေးဝန်ဆောင်မှု သုံးစွဲသူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေကို ပေးအပ်သွားနိုင်တော့မှာဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက်လုပ်ငန်းဖြစ်တဲ့ APJ Media နဲ့ Carrier from Akamai ရဲ့ Regional Vice President ဖြစ်သူ Sid Pisharoti က မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

စက်ကိရိယာများနဲ့ စီးပွားရေးလုပ်ငန်းများဟာ ဆိုက်ဘာတိုက်ခိုက်မှုများ ကြုံတွေ့ရနိုင်တဲ့ အလားအလာများ ရှိသော်လည်း တယ်လီနော Web Shield သည် သုံးစွဲသူများ အဆိုပါ အခြေအနေမျိုးမှ အလွယ်တကူ မကြုံ တွေ့နိုင်အောင် ကာကွယ်တားဆီးနိုင်မှာဖြစ်ကြောင်း၊ သုံးစွဲသူများအတွက် ပွင့်လင်းမြင်သာပြီး ရေရှည်တည်တံ့သည့် လုံခြုံရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ဖို့ တယ်လီနော Web Shield ကို သုံးစွဲသူအခြေပြု ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖန်တီးထားကြောင်း သိရပါတယ်။ အသေးစိတ်ပိုမို သိရှိလိုပါက https://www.telenor.com.mm/en/business/Web-Shield-Service မှာဝင်ရောက် လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««