ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ ထပ်မံကျင်းပမည်

ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ (Myanmar Cyber Security Challenge 2018) ပြိုင်ပွဲလိုမျိုး နောက်ထပ် ပြိုင်ပွဲတစ်ခုကို ၂၀၁၈ ခုနှစ်ထဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

Myanmar Cyber Security Challenge ကို ရန်ကုန်မှာ ကျင်းပလာတာသုံးနှစ် ရှိပြီဖြစ်ပြီး နောက်ထပ်ကျင်းပမယ်ဆိုရင် အခြားမြို့တွေမှာ ကျင်းပနိုင်ဖို့ စဉ်းစားနေကြာင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူုး ဦးရဲနိုင်မိုးက ပြောပါတယ်။ “လုပ်တော့မယ်ဆိုတော့ ဘတ်ဂျက်ကလည်း လိုသေးတာကိုး၊ ဘတ်ဂျက်အရ ကြားထဲမှာခြောက်လလောက်တော့ အချိန်ယူရမယ်။ အခုဆိုရင် ရန်ကုန်မှာချည်းပဲ လုပ်တာ သုံးကြိမ်ရှိပြီဆိုတော့ ၂၀၁၈ ထဲမှာ လုပ်ဖြစ်ရင် နယ်ဘက်များဖြစ်မလားပေါ့၊ ဥပမာ မန္တလေးဖြစ်မလား၊ နေပြည်တော်ဖြစ်မလား ဒါမှမဟုတ် ရန်ကုန်ပဲဖြစ်မလား တစ်နေရာရာပေါ့” လို့ သူကပြောပါတယ်။

နောက်ပိုင်း ခြောက်လတစ်ကြိမ်လောက် လုပ်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ လက်ရှိကျင်းပခဲ့တဲ့ အခမ်းအနားတွေရဲ့ ရလာဒ်ကောင်းမွန်မှုတွေကြောင့် ထပ်တိုးကျင်းပဖို့ စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။ “Impact က ကောင်းတယ်၊ ကလေးတွေအကုန်လုံး စိတ်ဝင်စားလာတယ်၊ ပြီးတော့ သူတို့အနေနဲ့ ကျောင်းကသင်တဲ့ ပညာရပ်အပြင် ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး ပြိုင်ပွဲလေးတစ်ခုရှိတော့ လေ့လာဖြစ်တာပေါ့၊ လေ့လာဖြစ်တော့လည်း သူတို့အတွက် အပြင်မှာအလုပ်အကိုင်အခွင့် အလမ်းလည်းရပါတယ်” လို့ ဆက်လက်ပြောပြပါမယ်။

-ထွန်းထွန်း