ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ စင္ကာပူ က်န္းမာေရးဆိုင္ရာ အခ်က္အလက္ ၁.၅ သန္း ခိုးယူခံရ

[Zawgyi]

ဆိုက္ဘာတိုက္ခိုက္မႈႀကီးတစ္ခုေၾကာင့္ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းအပါအဝင္ စင္ကာပူရဲ႕ အစိုးရ က်န္းမာေရးဆိုင္ရာ အခ်က္အလက္ ၁.၅ သန္း ခိုးယူခံခဲ့ရပါတယ္။

ဒီတိုက္ခိုက္မႈဟာ စင္ကာပူႏိုင္ငံ ေတြ႕ႀကံဳခဲ့သမွ်ထဲမွာ “အျပင္းထန္ဆံုး ကိုယ္ေရးအခ်က္အလက္လံုၿခံဳေရး က်ိဳးေပါက္မႈ” ျဖစ္တယ္လို႔ အစိုးရက ေျပာၾကားခဲ့ပါတယ္။

“စင္ကာပူ ဆိုက္ဘာလံုၿခံဳေရး ေအဂ်င္စီ (CSA) ရဲ႕ စံုစမ္းစစ္ေဆးမႈေတြနဲ႔ Integrated Health Information System (IHiS) ရဲ႕အတည္ျပဳခ်က္အရ ဒါဟာ တမင္ရည္ရြယ္ၿပီး အစီအစဥ္တက် ပစ္မွတ္ထားတိုက္ခိုက္တဲ့ ဆိုက္ဘာတိုက္ခိုက္မႈတစ္ရပ္ ျဖစ္ပါတယ္” လို႔ အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ ဆိုက္ဘာတိုက္ခိုက္မႈေၾကာင့္ ၂၀၁၅ ေမလကေန ဒီႏွစ္ ဇူလိုင္ ၄ ရက္အတြင္း ေဆးရံုေဆးခန္းေတြမွာ ျပသခဲ့တဲ့ လူနာ ၁.၅ သန္းရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ ခိုးယူခံခဲ့ရပါတယ္။

“တိုက္ခိုက္သူေတြဟာ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြနဲ႔ သူ႔ရဲ႕ ျပင္ပလူနာေဆးမွတ္တမ္းေတြကို ႀကိမ္ဖန္မ်ားစြာ ပစ္မွတ္ထားခဲ့ပါတယ္” လို႔ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔က ေသာၾကာေန႔မွာ ပူးတြဲထုတ္ျပန္ခဲ့ပါတယ္။

ဆိုက္ဘာတိုက္ခိုက္မႈေတြကို ကာကြယ္ႏိုင္မယ့္ ပိုမိုအားေကာင္းတဲ့ အစိုးရစနစ္ေတြကို စံုစမ္းေမးျမန္းေရးေကာ္မတီက အျမန္ဆံုး အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမယ္လို႔လည္း ဆက္သြယ္ေရးဝန္ႀကီးဌာနက သီးျခားထုတ္ျပန္ခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈရဲ႕ ေနာက္ကြယ္က လက္သည္တရားခံနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မထုတ္ျပန္ခဲ့ပါဘူး။

Ref: Reuters

-ေနာင္ေနာင္

[Unicode]

ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခုကြောင့် ဝန်ကြီးချုပ် လီရှန်လွန်းအပါအဝင် စင်ကာပူရဲ့ အစိုးရ ကျန်းမာရေးဆိုင်ရာ အချက်အလက် ၁.၅ သန်း ခိုးယူခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ စင်ကာပူနိုင်ငံ တွေ့ကြုံခဲ့သမျှထဲမှာ “အပြင်းထန်ဆုံး ကိုယ်ရေးအချက်အလက်လုံခြံုရေး ကျိုးပေါက်မှု” ဖြစ်တယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။

“စင်ကာပူ ဆိုက်ဘာလုံခြံုရေး အေဂျင်စီ (CSA) ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ Integrated Health Information System (IHiS) ရဲ့အတည်ပြုချက်အရ ဒါဟာ တမင်ရည်ရွယ်ပြီး အစီအစဉ်တကျ ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပါတယ်” လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ၂၀၁၅ မေလကနေ ဒီနှစ် ဇူလိုင် ၄ ရက်အတွင်း ဆေးရုံဆေးခန်းတွေမှာ ပြသခဲ့တဲ့ လူနာ ၁.၅ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံခဲ့ရပါတယ်။

“တိုက်ခိုက်သူတွေဟာ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ သူ့ရဲ့ ပြင်ပလူနာဆေးမှတ်တမ်းတွေကို ကြိမ်ဖန်များစွာ ပစ်မှတ်ထားခဲ့ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့က သောကြာနေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ့် ပိုမိုအားကောင်းတဲ့ အစိုးရစနစ်တွေကို စုံစမ်းမေးမြန်းရေးကော်မတီက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ဆက်သွယ်ရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က လက်သည်တရားခံနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

Ref: Reuters

-နောင်နောင်