ဆာကာမိုတိုသင်္ချာဖောင်ဒေးရှင်း၏ ပညာသင်ဆု မိတ်ဆက်ပွဲကျင်းပ

ဆာကာမိုတိုသင်္ချာဖောင်ဒေးရှင်းရဲ့ ပညာသင်ဆုမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်က Lotte Hotel Yangon မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဆာကာမိုတိုသင်္ချာဖောင်ဒေးရှင်းရဲ့ ပထမဆုံး ပညာရေးထောက်ပံ့ကြေး ချီးမြှင့်ခံရတဲ့ ကျောင်းသားမှာ နိုင်ငံတကာသင်္ချာပြိုင်ပွဲများမှာ ကမ္ဘာ့အဆင့် (၁) လေးကြိမ်ရရှိခဲ့တဲ့ မောင်ထက်ဝေလျှံဖြစ်ပြီး တစ်လလျှင် ဒေါ်လာ (၃၀၀) ခန့်ကို အထက်တန်းကျောင်းပြီးသည်အထိ ချီးမြှင့်သွားမှာဖြစ်ပြီး တက္ကသိုလ်တက်ရောက်တဲ့အချိန်မှာ ထပ်မံတိုးမြှင့်ကာ ချီးမြှင့်သွားမယ့် အစီအစဉ်များလည်းရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကမ္ဘာ့သင်္ချာပြိုင်ပွဲများမှာ ကမ္ဘာ့အဆင့် (၁) ကို နှစ်ကြိမ်အနည်းဆုံးရရှိခဲ့ကြတဲ့ မြန်မာ့ဂုဏ်ဆောင် သင်္ချာထူးချွန်ကျောင်းသားများကိုလည်း ပညာရေးထောက်ပံ့ကြေးများ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ဆာကာမိုတိုသင်္ချာဖောင်ဒေးရှင်းဆိုသည်မှာ ဂျပန်နိုင်ငံမှဆရာကြီး Dr.Hideo Sakamoto နဲ့ မြန်မာ Founder မထားထားဝေတို့မှ ဦးစီးကာ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး သင်္ချာထူးချွန်ကျောင်းသားများကို ပညာရေးထောက်ပံ့ကြေးငွေများ လစဉ် ချီးမြှင့်ပေးလျက်ရှိပါတယ်။

-သန္တာ