ဆရာ၊ ဆရာမ သင်ကြားရေးအထောက်အကူများ အခမဲ့ရရှိရန် တယ်လီနောမှ ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုဒဏ် ခံစားရတဲ့ ကဏ္ဍများကို အထောက်အပံ့များပေးရာမှာ ပိုမိုအားကောင်းစေဖို့အတွက် မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းကို (၆) လတာ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်စေဖို့ တယ်လီနောမြန်မာမှ ထောက်ပံ့ ပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပညာရေးနှင့် ပတ်သက်ပြီး အကျိုးခံစားခွင့်ကို အားလုံးတန်းတူညီမျှ ခံစားနိုင်ကြစေဖို့ လတ်တလောမှာ အင်တာနက်ဖြတ် တောက်ခံထားရတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် (၈) မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမ ၂၀၀၀ ကျော်နဲ့ ကျောင်းသား ၅၀,၀၀၀ တို့အား အခြေခံပညာဦးစီးဌာန (DBE) သင်ကြားရေးရင်းမြစ်များ (DBE Box) များကို တယ်လီနောမှ ပေးအပ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“စာသင်ကျောင်းတွေနဲ့ သင်ထောက်ကူကိရိယာတွေ အဆက်မပြတ်လက်လှမ်းမီ ရရှိရေး ကိစ္စဟာ ပညာရေးဝန်ကြီးဌာနအတွက် အလွန်ကိုအရေးပါပါတယ်။ အခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ Online learning ကနေတစ်ဆင့် သင်ရိုးသစ်သင်တန်း တက်ရောက်မယ့် ဆရာ၊ ဆရာမတွေအတွက် အင်တာနက် ဒေတာ အခမဲ့အသုံးပြုခွင့် (၆) လစာနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မြို့နယ်ပေါင်း (၈) မြို့နယ်က ဝေးလံခေါင်ဖျား စာသင်ကျောင်းတွေ အတွက် DBE Box အလုံးရေ (၁၅၀) ကို တယ်လီနောက ပံ့ပိုးပေးသွားမှာ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေ အနေနဲ့ သင်ကြားသင်ယူမှုဆိုင်ရာ အရင်းအမြစ်တွေကို စဉ်ဆက်မပြက် လေ့လာဆည်းပူးသွားနိုင်မှာဖြစ်ပါတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

မြန်မာရွေ့လျားပညာရေးစီမံကိန်း (MyME) မှ ပြုစုထုတ်လုပ်တဲ့ DBE Box များတွင် ဆရာ၊ ဆရာမများအတွက် ဗီဒီယိုများ၊ ဝတ္တုတိုများ၊ ကဗျာများ အသွင်ဖြင့်ပြုလုပ်ထားသော လေ့ကျင့်ရေးအကြောင်းအရာများ သို့မဟုတ် သင်ကြားရေးအထောက်အကူပြုများ၊ လေ့လာသင်ယူသူများအတွက် ရုပ်ပုံဇယားများထည့်သွင်းထားတဲ့ လေ့လာစရာများနဲ့ တယ်လီနောရဲ့ ဘေးကင်းလုံခြုံစွာ အွန်လိုင်းအသုံးပြုနိုင်ရေး ပညာပေး အကြောင်းအရာများ ပါဝင်ပြီး DBE Box များကို Raspberry Pi မီနီကွန်ပြုတာတွင် တည်ဆောက်ကာ လက်ကိုင်ဖုန်းမှတစ်ဆင့် Box အတွင်းရှိ အကြောင်းအရာများသို့ ဆက်သွယ်နိုင်မယ့် router များ ပါဝင်ကြောင်း DBE box အလုံးရေ (၁၅၀) ကို အင်တာနက်ဖြတ်တောက်ခြင်း ခံထားရသော မြို့နယ်များမှ ဆရာများထံသို့ ဖြန့်ချိပေးသွားမှာ ဖြစ်တဲ့အတွက် ထိုမြို့နယ်များမှ ဆရာများအနေနဲ့ အွန်လိုင်းပလက်ဖောင်းကို အသုံးပြုနိုင်တဲ့ ဆရာများနှင့် ရင်ပေါင်တန်း အမီလိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာ၊ ဆရာမများအနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုက်သို့ မေ ၁၅ ရက် မှစတင်ကာ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ကျောင်းများပြန်မဖွင့်မီ သင်ကြားရေး အထောက်အကူပြုသင်တန်းတွေကို လေ့လာနိုင်မယ့်အပြင် ကျောင်းများပြန်ဖွင့်ပြီးပါကလည်း ဆက်လက်လေ့လာနိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း