ဆန်းသစ်တီထွင်မှုသည်သာ

၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း iPhone 5 ကို စတင် မိတ်ဆက်ပြသခဲ့ပြီးနောက်ပိုင်း ရှစ်နှစ်လုံးလုံးမှာ Apple Event တွေကြောင့် စက်တင်ဘာလက အားလုံးအတွက် ရင်ခုန်စိတ်လှုပ် ရှားစရာဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် စျေးဝယ်အားလပ်ရက် မတိုင်ခင် Apple ရဲ့ ထုတ်ကုန်တွေကို အချိန်မှီ မိတ်ဆက်ပေးဖို့ နှစ်စဉ် စက်တင်ဘာလတိုင်း ကျင်းပနေခဲ့တာကြောင့်ပါ။ အခုနှစ်အတွက်လည်း တရားဝင်ဖိတ်ကြားမှုတွေ ပြုလုပ်ပြီးပြီမို့ ဘယ်လိုမျိုး ရင်ခုန်စရာတွေ (ဒါမှမဟုတ် ရင်မောစရာတွေ) ထွက်ပေါ် လာဦးမလဲဆိုတာ မကြာမီ တွေ့မြင်ရတော့မှာပါ။

Apple က သူ့ရဲ့ထုတ်ကုန် အသစ်နဲ့ပတ်သက်ပြီး အမျိုးမျိုး သို့လောသို့လော စိတ်ဝင်တစား ရှိနေအောင် ဖိတ်စာတိုင်းမှာ သဲလွန်စတွေ ပေးထားတတ်ပါ တယ်။ ဒီနှစ်ဖိတ်စာမှာတော့ သူ့ရဲ့
ဂန္တဝင်ရောင်စုံပန်းသီး အမှတ်အသားတံဆိပ်ကို ခေတ်မီကြည်လင်တဲ့ပုံစံသစ်နဲ့ တွေ့မြင်ရပါတယ်။ ဒါကို သဲလွန်စကောက်ပြီး အမျိုးမျိုး ခန့်မှန်းဖို့ လွယ်ကူပေမယ့် အတိအကျ မှန်ကန်ဖို့တော့ အတော်လေးခက်ခဲသွားပါပြီ။

ဒီနှစ်ပွဲကို စက်တင်ဘာ (၁၀) ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတိတိမှာ ပြုလုပ်မယ်လို့ ဖိတ်စာမှာပါရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဗုဒ္ဓဟူးနေ့တွေမှာ ကျင်းပနေကျဖြစ်ပေမယ့် ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးကို အောက်မေ့စေမယ့် စက်တင်ဘာ ၁၁ ရက်နဲ့ တိုက်ဆိုင်နေတာ ကြောင့် တစ်ရက်စောပြီးအင်္ဂါနေ့ ကို ရွေးချယ်လိုက်ကြပုံရပါတယ်။ မြန်မာအိုင်ဖုန်း ချစ်သူတွေကလည်း ည ၁၁း၃၀ မှ Apple ထုတ်ကုန်တွေသုံးပြီး Apple Event Webpage နဲ့ Apple Event App တွေမှာ တစ်ပြိုင်တည်း ကြည့်ရှုခံစားနိုင်ပါတယ်။

စတိဗ်ဂျော့ဘ်ခန်းမကြီး

ဒီပွဲကိုလည်း ကျင်းပနေကျ သူ့ရဲ့ဒေါ်လာ ၃ ဘီလီယံတန် Apple Park ဝန်းကြီးထဲက စတိဗ်​ဂျော့ဘ်ခန်းမအတွင်းမှာ ပြုလုပသွားမှာဖြစ်ပါတယ်။ ပူးတွဲတည်​ထောင်ခဲ့သူ စတိဗ်ဂျော့ဘ်ကို အောက်မေ့သတိရ တည်ဆောက် ထားတဲ့ ဒီခန်းမကြီးမှာ ကွယ်လွန် သူ စတိဗ်ဂျောဘ် ချစ်မြတ်နိုးတဲ့ ဗိသုကာလက်ရာပုံစံ အမြောက် အမြားကို ရင်သပ်ရှုမောဖွယ် တွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် စက်ဝိုင်းပုံ အဆောက်အဦးကြီးကို ပေ (၂၀) မြင့်တဲ့သူ့အကြိုက်မှန် သားနံရံတွေနဲ့ ကာရံထားပြီး ကာဗွန်အမိုးနဲ့ ဖုံးအုပ်ထားပါတယ်။ မှန်သားတွေကို ဖောက်ပြီး မြင်တွေ့နေရတာက ဧည့်ခန်းမဆောင်သာဖြစ်ပြီး တကယ့်ခန်းမ ဆောင်ကိုတော့ မြေအောက်မှာ တည်ဆောက်ထားပါတယ်။

ကျင်းပပြုလုပ်ရာ မြေအောက်ခန်းမဆောင်ကြီးရဲ့ အထူးခြားဆုံး ဆန်းသစ်တီထွင်မှုကတော့ ခမ်းနားလှပရုံတင်မကဘဲ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးခံစားမိအောင် တည်ဆောက်ထားတဲ့ ဗိသုကာ ဆန်းသစ်မှုပဲဖြစ်ပါတယ်။ ဒါကလည်း Apple ရဲ့ ထုတ်ကုန်တိုင်းအပေါ်မှာ စတိဗ်ဂျော့ဘ်ရှိစေချင်ခဲ့တဲ့ အရည်အချင်းတစ်ခုပါ။ လူတစ်ထောင်ဆံ့ ခန်းမကြီးရဲ့ နောက်ဆုံးခုံမှာ ထိုင်သူကတောင် စင်မြင့်ပေါ်ကလူနဲ့ ပေတစ်ရာအတွင်းမှာ ရှိနေပါလိမ့်မယ်။ ဒီအတွက်ကုန်ကျစရိတ်ကလည်း မသေးလှပါဘူး။ ခုံတစ်ခုံချင်းစီကဒေါ်လာ (၁၄၀၀၀) ကျသင့်ပါတယ်တဲ့။

ဖြစ်နိုင်ချေအများဆုံး iPhone သစ်

လွန်ခဲ့တဲ့နှစ် ဒီလိုပွဲမျိုးမှာ iPhone XS , iPhone XS Max နဲ့ iPhone XR တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဖြစ်နိုင်ချေ အများဆုံးထုတ်ကုန်သစ်က iPhone တွေသာ ဖြစ်မယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။ ကျန်တဲ့ ထုတ်ကုန်သစ်တွေကိုတော့ အရင်ထုံးစံအတိုင်း နောက်လကျမှ သီးခြားပွဲထုတ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

iPhone 11 တွေလို့ ခြုံငုံခေါ် ကြတဲ့ ဒီဖုန်းသစ်တွေကို OLED သုံးမော်ဒယ်လ်နှစ်မျိုးနဲ့ LCD သုံး မော်ဒယ်လ်တစ်မျိုး စုစုပေါင်း (၃)မျိုး ထွက်နိုင်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။
OLED မော်ဒယ်တွေမှာ မျက်နှာပြင် အရွယ်အစားက ၅.၈ လက်မနဲ့ ၆.၅ လက်မအသီး သီးရှိမှာဖြစ်ပြီး LCD မော်ဒယ်က တော့ ၆.၁ လက်မရှိမှာဖြစ်ပါ တယ်။ သေချာတာတစ်ခုကတော့ အရင်ဖုန်းတွေနဲ့ လုံးဝမတူညီတဲ့ ဆန်းသစ်မှု တစ်ခုခု ပါလာတော့ မယ်ဆိုတာပါပဲ။

ဖုန်းသစ်တွေရဲ့ အထူးခြားဆုံး ဆန်းသစ်မှုက ကျောဘက်ကင် မရာ ထပ်တိုးလာတာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ OLED မော်ဒယ်တွေမှာ စုစုပေါင်းကျောဘက် ကင်မရာသုံးလုံးအထိ ဖြစ်နိုင်သလို LCD မော်ဒယ်မှာတော့ နှစ်လုံးဖြစ်သွားနိုင်ပါတယ်။ ပိုလာတဲ့ကင်မရာတွေမှာ ထောင့် ကျယ်မှန်ဘီလူးတွေသုံးပြီး ရှိနှင့်ပြီးသားပုံမှန်ကင်မရာ၊ အဝေးရိုက် ကင်မရာတွေနဲ့ ပူးပေါင်းလုပ် ဆောင်သွားပါလိမ့်မယ်။

ဘယ်လိုခေါ်ကြမလဲ

လောလောဆယ်အထိ iPhone 11 လို့ ခေါ်ဝေါ်နေကြတဲ့ ဒီဖုန်းတွေကို မိတ်ဆက်ပြသတဲ့ အချိန်မှာ ဒီအတိုင်းသုံးနှုန်းဖို့တော့ အလားအလာနည်းနေပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတာကတော့ အနည်းဆုံး ထုတ်ကုန်သစ်တစ်ခုကို Pro ဆိုတဲ့ စကားလုံးသုံးပြီး သူ့ရဲ့တန်ဖိုးမြင့်ပြီးသား ထုတ်ကုန်ကို အမွှမ်းတင် ဖွယ်ရာ ရှိနေပါတယ်တဲ့။ ဒီလိုစျေးကွက်မြှင့်တင်ရေး အခေါ်အ ဝေါ်က ကုမ္ပဏီသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဖြစ်သွားပါလိမ့်မယ်။ iPhone 11 နဲ့ iPhone Pro အပြင် ရိုးရိုးရှင်းရှင်းလေး iPhone ဆိုပြီးလည်း ဖြစ်သွားနိုင်တယ်လို့ ပြောကြပါသေးတယ်။

မျှော်တလင့်လင့် iOS 13

ဖုန်းသစ်တွေနဲ့အတူ တစ်ပါတည်းပါလာမယ်လို့ ယုံကြည် ထားကြတာကတော့ iOS 13 ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လကတည်း က beta ဗားရှင်းကို မိတ်ဆက်ပေးခဲ့တဲ့ ဒီ OS သစ်ဟာ မူလကြေညာထားတာထက် တစ်လစောပြီး ထွက်ပေါ်လာခဲ့ပေမယ့် စမ်းသပ် အသုံးပြုသူတွေကြားမှာ အမည်ကောင်းရနေတာကြောင့် အားလုံးက အပြီးသတ်ဗားရှင်းကို မျှော်လင့်နေကြတာ ုဖြစ်ပါတယ်။

လူပြောများနေတဲ့ ထူးခြားမှုကတော့ သူ့ရဲ့ Dark Mode ဖြစ်ပါတယ်။ ညစာဖတ်ချိန် ဒါမှမဟုတ် တခြားအချိန်တွေမှာပါ နောက်ခံ အဖြူရောင် တောက်တောက် ကြောင့် စိတ်အနှောင့်အယှက်ဖြစ် နေရသူတွေကို ပျော်ရွှင်စေပါတော့မယ်။ ဒါကြောင့် ညဘက်ဖုန်းသုံးတဲ့အခါ မျက်နှာကို မီးထိုးနေသလိုမျိုး မဖြစ်စေတော့ပါဘူး။ ကိုယ်ကြိုက်တဲ့အချိန်မှ ချက်ချင်း
ထပြောင်းလို့ရသလို အချိန်သတ်မှတ်ပေးထားပြီး အလိုအလျောက် ပြောင်းနေစေချင်လည်း ရပါ တယ်။ ဒါပေမဲ့ Night shift mode အဝါဖျော့ဖျော့လေးကို ကြိုက်ကြသူတွေကတော့ အသစ်ပြောင်းသွားတဲ့ အဖြူရောင်မှိန်မှိန်နဲ့နှစ် သိမ့်နိုင်ကြမယ်မထင်ပါဘူး။

နောက်ထပ် ဆန်းသစ်မှုတစ်ခုကတော့ လက်ရှိအသုံးပြုနေတဲ့ Quick-Type ကီးဘုတ်နေရာမှာ Quick-path ကီးဘုတ်ကိုပေါင်း စပ်ပေးလိုက်တာပါ။ စာလုံးတွေ ရိုက်ရာမှာ တတောက်တောက် ရိုက်နေစရာမလိုတော့ဘဲ လက်နဲ့မကြွတမ်း ပွတ်ဆွဲလိုက်ရုံပါပဲ။ ဒါပေမဲ့ မြန်မာဘာသာမရသေး တာကြောင့် စိတ်ဝင်စားစရာ မရှိတော့ပြန်ပါဘူး။

တခြားမှတ်သားလောက်စရာ ဆန်းသစ်မှုတွေလည်း ပါဝင်ပါသေးတယ်။ Homescreen ပေါ်က app တွေ သေးသွားတာ အပါအဝင်အကြာကြီး ဖိထားပြီး မှ လုပ်ဆောင်နိုင်တဲ့ App တွေ ဖျက်တာ၊ ပြန်စီတာမျိုးတွေကို menu တစ်ခုပေးပြီး အလွယ်တကူ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတစ်ခုအနေ နဲ့ကတော့ အခု iOS 13 ကစပြီး ဖုန်းတွေနဲ့ အိုင်ပက်တွေ OS ချင်းတူမှာ မဟုတ်တော့ပါဘူး။ ဒါက အိုင်ပက်တွေဟာ ကိုယ့်လမ်းကို လျှောက်တော့မယ်ဆိုတဲ့ အကြောင်း နိမိတ်ပြလိုက်တာဖြစ်နိုင်သလို လွတ်လွတ်လပ်လပ်နဲ့ တီထွင်ဆန်းသစ်လာမယ့် ထုတ်ကုန်အသစ်တွေက အိုင်ပက်ချစ်သူတွေ ပိုပြီးစိတ်ကြိုက်ဖြစ်လာတော့မှာ အသေအချာပါပဲ။

အသစ်ဘယ်လောက်ကောင်း ကောင်း အဟောင်းတလည်လည် ဖြစ်နေရဦးမယ့် Apple ချစ်သူ တွေကိုလည်း iOS 13 က မေ့မထားခဲ့ပါဘူး။ ဒီဗားရှင်းသစ် ကြောင့် အရင်မော်ဒယ်လ်တွေက လုပ်ဆောင်မှု ပိုမိုမြန်ဆန်လာမှာဖြစ်သလို စွမ်းအင်သုံးစွဲမှုချွေတာ နိုင်မှာဖြစ်ပါတယ်။

Apple ရဲ့ တရားဝင် ကြေညာချက်တွေအရ App Launch speed က မူလထက်နှစ်ဆပိုမိုမြန် ဆန်လာမှာဖြစ်သလို Face ID နဲ့ ဖုန်းဖွင့်ဖို့ကလည်း အရင်ကထက် (၃၀) ရာခိုင်နှုန်း မြန်လာမှာ ဖြစ်ပါတယ်။ App တွေ Download ဆွဲရတဲ့ပမဏကို လျှော့ချပေးမှာဖြစ်ပြီး ပျမ်းမျှချင်း အားဖြင့် (၆၀) ရာခိုင်နှုန်းလောက် အထိ လျော့နည်းသွားစေမယ်လို့ ဆိုပါတယ်။ အရင် iOS 12
ကတည်းက Update တွေ မြန်ဆန်လာပြီးဖြစ်ပေမယ့် အခုဗားရှင်းမှာလည်း သူ့ထက်မြန်ဦးမယ်လို့ ဆိုပါတယ်။

ဘက်ထရီသက်တမ်းဆိုတာ Apple အတွက် အမြဲတမ်းခေါင်း ခဲစရာဖြစ်ခဲ့ရပါတယ်။ ဘက်ထရီ သက်တမ်းရင့်လာတာနဲ့အမျှ စွမ်းဆောင်ရည် ကျဆင်းသွားမသွား ဆိုတာက အားပြည့်ပေမယ့် ဘယ်လောက်ကြာကြာ ဆက်အားသွင်း မသွင်းဆိုတဲ့အပေါ် မူတည်နေပါတယ်။ ဒါကြောင့် အခုဗားရှင်းသစ်မှာတော့ (၈၀) ရာခိုင်နှုန်းကျော် အားပြည့်တာနဲ့ အသုံးပြုသူရဲ့အားသွင်းပုံ အလေ့အထကိုလိုက်ပြီး အားပြည့်ရန်ကြာချိန်ကို လိုတိုးပိုလျှော့ပြုလုပ်ပေးသွားမှာပါ။

ဒါ့အပြင် reminder ပုံစံအသစ်တွေ၊ ဓာတ်ပုံတည်းဖြတ်တဲ့ ဆန်းသစ်မှုတွေ၊ Memoji ပုံအ သစ်လေးတွေနဲ့ unknown call တွေကို Silence လုပ်ပေးထား မယ့် လုပ်ဆောင်ချက်တွေ အပါအဝင် တခြားဆန်းသစ်မှု များစွာပါဝင်လာဦးမှာပါ။ ဒါကြောင့် ဒီတစ်ခါ Apple Event က iOS 13 ကြောင့် ပိုပြီးရင်ခုန်စရာကောင်း နေမှာ သေချာပါတယ်။

ဆက်ရန်များ

ဒီပွဲမှာ iPhone တွေအပြင် တခြား ထုတ်ကုန်တွေကိုလည်း နည်းနည်းတော့ မျှော်လင့်လို့ရပါ သေးတယ်။ ဒါပေမဲ့ အရင်ဖြစ်နေကျ ပုံစံအတိုင်း နောက်တစ် ပွဲကျ မှ သီးခြားပွဲထုတ်သွားဖို့တော့ ပိုအလားအလာများနေပါတယ်။ ဆန်းသစ်တီထွင်ထားတဲ့ Apple Watch၊ (၁၀.၂) လက်မအရွယ် iPadအပြင် (၁၆) လက်မအရွယ် MacBook Pro တို့ကိုလည်း တွေ့မြင်နိုင်ပါသေးတယ််။
သရဖူကာကွယ်ပွဲ Apple ဟာ မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ Forbes မဂ္ဂဇင်းရဲ့ကမ္ဘာ့တန်ဖိုးအကြီးမားဆုံးအမှတ်တံဆိပ်စာရင်းမှာဒေါ်လာ (၂၀၆) ဘီလီယံတန်ဖိုးနဲ့ စံချိန်တင်ပြီး (၉) နှစ်ဆက်တိုက် သရဖူဆောင်းနိုင် ခဲ့ပါတယ်။ ခါတိုင်းအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က iPhone တွေကြောင့်ဖြစ်ခဲ့ပြီး ဒီနှစ်တော့ မ ဟုတ်တော့ပါဘူး။ စမတ်ဖုန်း စျေးကွက်မှာ ကျဆင်းသွားတာ ကို မျက်မြင်တွေ့ရှိထားပြီး သား ဖြစ်ပါတယ်။ ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ တယ် ဆိုတာ App Store , Apple Pay,iTunes နဲ့ အခြား Cloud Service တွေလို ဝန်ဆောင်မှုတွေ
ကရတဲ့ ဝင်ငွေကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အသစ် ထွက်ရှိလာမယ့် iPhone သစ်တွေ က အောင်မြင်မှုနေရာကိုပြန် လည် ခြေကုပ်ယူပြီး သရဖူကာ ကွယ်နိုင်ဦးမလားဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပါမယ်။

ဆန်းသစ်တီထွင်မှုသည်သာ “ Apple ကို ကုစားပေးနိုင်မယ့် နည်းလမ်းက အသုံးစရိတ်တွေ လျှော့ချပစ်ခြင်း မဟုတ်ပါဘူး။ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ပြီးလက်ရှိ အကျပ်အတည်းကနေ ကိုယ့်လမ်းကိုယ်ဖောက်ထွက်ဖို့ သာဖြစ်ပါတယ် ” လို့ ဒေဝါလီခံခါနီး Apple ကိုပြန်ရောက်လာခဲ့ တဲ့ စတိဗ်ဂျော့ဘ်က ပြောင်ပြောင်တင်းတင်း ပြောခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ၁၂ ကျော် ဝေးကွာနေခဲ့ပြီး မှ ပြန်ရောက်လာခဲ့ပေမယ့် ထိပ်ဆုံးနေရာရောက်အောင် ပြန်ဆွဲတင်ပြခဲ့ပါတယ်။ သူပြောခဲ့တဲ့အ တိုင်း ဆန်းသစ်တီထွင်မှုတွေ တစ်ခုပြီးတစ်ခု လုပ်ပြရင်းနဲ့ပေါ့။ Apple ရဲ့ ဆန်းသစ်မှုတွေကြောင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဂီတအနု ပညာနဲ့ တခြားနယ်ပယ်စုံမှာ တိုးတက်ပြောင်းလဲမှုတွေ အများ ကြီး ပေါ်ထွက်လာခဲ့ပါတယ်။

လာမယ့်ပွဲအတွက် ဖိတ်စာပေါ်က ရောင်စုံပန်းသီးလှလှလေး ရဲ့ အောက်မှာလည်း ဒီစာသား လေးကိုပဲ ရိုက်နှိပ်ထားပါတယ်။ “ဆန်းသစ်တီထွင်မှုသည်သာ” ပါတဲ့။ ဒီတကြိမ်မှာလည်း ဘယ်လိုဆန်းသစ်တီထွင်မှုတွေ လောကကြီးကို ဖော်ဆောင်ပေးဦးမလဲဆိုတာ ရင်သပ်ရှုမောစွာနဲ့ စောင့်ကြည့်ရပါတော့မယ်။