ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ မဂါလေရာပြည်နယ်အတွင်း မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်သွားမည်

အိန္ဒိယနိုင်ငံမဂါလေရာပြည်နယ်တစ်ဝန်းမှာ လာမယ့် ၄၈ နာရီတိုင်တိုင် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုကို ပိတ်ထားမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မဂါလေရာပြည်နယ် မြို့တော်ရှီလုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာကြောင့် ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါတယ်။ အိန္ဒိယပါလီမန်အတွင်း နိုင်ငံသားဖြစ်မှုပြင်ဆင်ရေး ဥပဒေကြမ်းထဲက အပိုဒ်ခွဲတစ်ခုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။SMS, WhatsApp, Facebook, Twitter နဲ့ YouTube ကတစ်ဆင့် အများပြည်သူလုခြုံရေးကို ထိပါးနိုင်တဲ့ အန္တရာယ်ကို တားဆီးဖို့ မဂါလေရာပြည်နယ်တစ်ခုလုံးအတွက် ဒီဇင်ဘာ ၁၂ ရက် (ကြာသပတေးနေ့)က စတင်ပြီး ၄၈ နာရီလုံးလုံး မိုဘိုင်းအင်တာနက်နဲ့ message ပေးပို့မှုကို ပိတ်ပင်သွားမယ်လို့ မဂါလေရာပြည်နယ်အစိုးရထဲ ပါဝင်လာတဲ့ ထပ်ဆောင်း CVD Diengdoh ကပြောခဲ့ပါတယ်။

ရှီလုံမြို့အတွင်း ဒေသခံတွေက မိုဘိုင်းဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကူးခဲ့ရာမှာ အနည်းဆုံးကားနှစ်စီးခန့် မီးလောင်ခဲ့ပြီး မြို့တော်ရဲ့ အဓိကဈေးလမ်းကို ပိတ်ဆို့ဖို့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပါတယ်။ Twitter မှာတင်ထားတဲ့ ဗီဒီယိုအရ မြို့တော်ရဲ့ အဓိက လမ်းမထဲက တစ်ခုမှာ အကြီးအကျယ် မီးလောင်နေတာကို တွေ့ရပါတယ်။ လူတွေအနေနဲ့ သတင်းအချက်အလက်အမှားတွေ မဖြန့်ချိကြဖို့ မဂါလေရာရဲအဖွဲ့က Twitter ကတစ်ဆင့် မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် ရှီလုံမြို့အတွင်း ညမထွက်ရအမိန့်ကို ကြေညာခဲ့ပြီး SMS နဲ့ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ပိတ်ပင်တဲ့အကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: IndiaToday