ဆန္ဒပြမှုကြောင့် နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုမှုကို အီရန် ပိတ်ဆို့

အီရန်နိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ဒေါသထွက်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် အီရန်အစိုးရက နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုမှု အားလုံးနီးပါးကို ပိတ်သိမ်းလိုက်ပါတယ်။

အစိုးရက အခုတစ်ပတ်အတွင်းမှာ အပြင်ဘက်ကမ္ဘာနဲ့ သတင်းအချက်အလက်ဝေမျှမှုကို အီရန်နိုင်ငံသားတွေအပေါ် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာပဲ အီရန်နိုင်ငံမှာ စက်သုံးဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် ဆန္ဒပြအုံကြွမှုတွေ ဖြစ်ပေါ်လာတယ်လို့ Associated Press ကဖော်ပြခဲ့ပါတယ်။

အီရန်အနေနဲ့ အင်္ဂါနေ့ နံနက်မှာ ချိတ်ဆက်မှုပုံမှန်အနေအထားကို ၅ ရာခိုင်နှုန်းထားရှိပြီး နိုင်ငံတစ်ဝန်း အင်တာနက်အသုံးပြုမှု အများအပြားကို ပိတ်ပင်လိုက်တယ်လို့ NetBlocks.org က ဖော်ပြခဲ့ပါတယ်။ NetBlocks.org ဟာ ကမ္ဘာတစ်ဝန်းက အင်တာနက် ပိတ်ပင်မှုနဲ့ ပြတ်တောက်မှုကို စောင့်ကြည့်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

အင်တာနက်နှေးကွေးမှုက သောကြာနေ့က စတင်ခဲ့ပြီး အီရန်ရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာတွေဖြစ်တဲ့ MCI, Rightel နဲ့ IranCell တို့ဟာ စနေနေ့က ပိတ်သွားတယ်လို့ NetBlocks မှာဖော်ပြထားပါတယ်။ “နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုနဲ့ အကျယ်အဝန်းအရ ဘယ်နိုင်ငံတွင်းမှာမဆို NetBlocks ကခြေရာခံခဲ့တဲ့ အဆိုးဝါးဆုံး အင်တာနက်ပြတ်တောက်မှုဖြစ်တယ်” လို့ အီရန်ရဲ့ အင်တာနက်ပြတ်တောက်မှုအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

အာဏာပိုင်တွေက အခြေအနေ ပုံမှန်အတိုင်းဖြစ်ကာ အင်တာနက်ကို ပြန်လည်ထိန်းသိမ်းခွင့်ပြုသွားဖို့ မျှော်လင့်နေတယ်လို့ အီရန်ရဲ့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာဝန်ကြီး မိုဟာမက်ဂျာဗက်အာဇာရီဂျရိုမီက အစိုးရသတင်းဌာန Islamic Republic News Agency ကိုပြောခဲ့ပါတယ်။

စိုးထက်
Ref: SCMP