ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်မှတ်ပုံတင်ထားသောဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန် သတိပေးထုတ်ပြန်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ ဇူလိုင် ၃၀ ရက်က ဆင်းမ်ကတ်နဲ့ ပတ်သက်ပြီး ဆင်းမ်ကတ်အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်တွေနဲ့ သုံးစွဲသူများထံ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

အများပြည်သူများအနေဖြင့် ဆင်းမ်ကတ်တွေကို ဝယ်ယူသုံးစွဲရာ မှာ စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြဖို့အတွက် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို အရောင်းကိုယ်စားလှယ်များနဲ့ အရောင်းဆိုင် (Point of Sale) တွေမှာ ဝယ် ယူရရှိနိုင်တာကို တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

သက်သေခံ လက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်ပြီး ဆင်းမ်ကတ်များကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရသလို ထိုသို့ဆောင်ရွက်ခြင်းမှာ စာတမ်းအမှတ်အသား လိမ်လည်အတုပြုလုပ်ခြင်း ဖြစ်၍ တည်ဆဲဥပဒေများအရပြစ်မှုမြောက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဆင်းမ်ကတ်အရောင်းကိုယ်စားလှယ်နဲ့ အရောင်းဆိုင်တွေ အနေနဲ့ သက်သေခံလက်မှတ်ပါ အချက်အလက်များကို ပြင်ဆင်၍ ဆင်းမ်ကတ်များကို ကြိုတင်မှတ်ပုံတင်ရောင်းချခြင်း မပြုကြရန်နဲ့ ဆင်းမ်ကတ်များကို အမှန်တကယ် ဝယ်ယူသူရဲ့ သက်သေခံလက်မှတ် (မူရင်း) နဲ့ သာမှတ်ပုံတင်ပြီး ရောင်းချရန် ထုတ်ပြန်တာဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့လည်း ဆင်းမ်ကတ်များ ဝယ်ယူရာမှာ မိမိရဲ့သက်သေခံလက်မှတ် (မူရင်း) ဖြင့် မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုကြပါရန်နှင့် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ် များမှာ ပိတ်သိမ်းခံရမယ့် ဆင်းမ်ကတ်များဖြစ်တာကြောင့် မိမိတို့ရဲ့ ဖြည့်သွင်းငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရေး အတွက် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

-ကျော်ဇေယျ