ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေး ဆောင်ရွက်ချက်များကို ထုတ်ပြန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ မြန်မာနိုင်ငံရှိ အများပြည်သူတွေအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ အသုံးပြုရာမှာ တိုးတက်ကောင်းမွန်မှု ရှိစေဖို့ ဆက်သွယ်ရေး မိုဘိုင်းအော်ပရေတာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများနဲ့ ကြိုးမဲ့ဆက်သွယ်ရေး လှိုင်းနှုန်းစဉ်တွေကို တိုင်းတာစစ်ဆေးလျက်ရှိပြီး တရားမဝင် အသုံးပြုနေတဲ့ ဆက်သွယ်ရေး Repeater, Jammer တွေကို ဖြုတ်သိမ်းအပ်နှံရန် အကြောင်းကြားစာများ ပေးပို့၍ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအတွင်း ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးအနေနဲ့ ဆောင်ရွက်ရာမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ကသာမြို့၊ သာယာဝတီမြို့၊ သရက်မြို့နဲ့ ဟင်္သာတမြို့များမှာ မိုဘိုင်း Band များဖြစ်ကြတဲ့ 450MHz/ 800MHz/ 900MHz/ 1800MHz / 2100MHz များအတွင်း လှိုင်းနှုန်းရှင်းလင်းမှု ရှိ/မရှိ သိရှိနိုင်ဖို့အတွက် တိုင်းတာစစ်ဆေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တိုင်းတာစစ်ဆေးရာမှာ တိုင်းတာရေးလုပ်ငန်းမှ တိုင်းတာတွေ့ရှိရတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး လှိုင်းနှုန်း နှောင့်ယှက်မှု (Interference) ဖြစ်ပေါ်နေတဲ့ နေရာများအား လှိုင်းနှုန်းတိုင်းတာဖြေရှင်းမှုများ ပြုလုပ်ခြင်း၊ တရားမဝင်အသုံးပြုနေကြတဲ့ ဆက်သွယ်ရေး Repeater, Jammer တွေကို ဖြုတ်သိမ်းအပ်နှံရန် အကြောင်းကြားစာများ ပေးပို့ပြီး ညွှန်ကြားလျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လက်ရှိ အခြေအနေမှာ တည်ဆောက်ပြီးဖြစ်တဲ့ ရန်ကုန်မြို့ရှိ ရေဒီယိုလှိုင်းနှုန်း တိုင်းတာရေးစခန်း (၃ ခု)၊ မန္တလေးမြို့ရှိ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း (၃ ခု) နဲ့ နယ်စပ်ဒေသရှိ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း (၄ ခု) ကို နေပြည်တော်ရှိ ဗဟိုထိန်းချုပ်ရေးစခန်း (Main Control Center) မှ ရေဒီယိုလှိုင်းနှုန်း အသုံးပြုနေမှု အခြေအနေတွေကို နေ့စဉ် စောင့်ကြည့်တိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိနေသလို မကွေးမြို့၊ မော်လမြိုင်မြို့နဲ့ မူဆယ်မြို့တို့မှာ ဖမ်းယူနိုင်မှု 9kHz- 8GHz , တည်နေရာရှာဖွေနိုင်မှု 20MHz -8GHz စွမ်းရည်ရှိတဲ့ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်းတွေကို ယခုနှစ် ၂၀၂၀ နှစ်ကုန်ပိုင်း အပြီးမှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««