စွမ်းဆောင်ရည်မြှင့်မားတဲ့ မျိုးဆက်သစ် Poco F2 Pro

Xiaomi အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Poco ဟာ F1 ဖုန်းကို မိတ်ဆက်ခဲ့တုန်း လူကြိုက်များခဲ့ပါတယ်။ Poco F1 ထွက်ရှိပြီး ၂ နှစ်အကြာမှာတော့ Poco F2 Pro ကိုထုတ်ပြလိုက်ပါတယ်။

Poco F2 Pro ဟာ F1 ဖုန်းနဲ့ နှိုင်းယှဉ်ရင် အဆင့်မြင့်လာပါတယ်။ Qualcomm ရဲ့ အကောင်းဆုံးချစ်ပ် ဖြစ်တဲ့ Snapdragon 865 ကို အသုံးပြုထားပြီး GPU driver တွေကိုအဆင့်မြှင့်တင်နိုင်ပါတယ်။ Poco F2 Pro ဖုန်းမှာ LiquidCool 2.0 နည်းပညာ ပါဝင်လာပါတယ်။ အအေးခံတဲ့ အခန်းက အခြားဖုန်းတွေထက် နေရာယူထားပြီး ဖုန်းကို လျင်မြန်စွာ အအေးပေးနိုင်ပါတယ်။ F2 Pro မှာ Poco Launcher 2.0 နဲ့အတူ Android 10 အသုံးပြုထားပါတယ်။ Dark mode ပါဝင်ပြီး AMOLED မျက်နှာပြင် အသုံးပြုထားပါတယ်။

Poco F2 Pro မှာ Storage 128GB အထိ စတင်ပါဝင်လာသလို 256GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် မြန်ဆန်တဲ့ UFS 3.1 storage ကို အသုံးပြုထားပါတယ်။ Poco F2 Pro ရဲ့ကင်မရာ အသစ်ကလည်း အဆင့်မြှင့်တင်ထားပါတယ်။ အဓိက ကင်မရာမှာ 64MP 1/1.72” sensor ပါဝင်လာပြီး 16MP ဓာတ်ပုံတွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဖုန်းမှာ 2x zoom ကင်မရာပါဝင်ကာ 5MP sensor ၊50mm lens တို့နဲ့အတူ 13MP ကင်မရာ wide ပါဝင်လာပါတယ်။ 2MP depth sensor လည်းပါဝင်လာပါသေးတယ်။ Poco F2 Pro မှာ macro ကင်မရာ မပါဝင်ပါဘူး။

Poco F2 Pro ရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ chipset ကြောင့် 30fps နဲ့ 8K ရိုက်ကူးနိုင်ပါတယ်။ 60fps နဲ့လည်း 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ရှေ့ကင်မရာကတော့ 20MP ဖြစ်ပြီး မော်တာအသုံးပြုထားတဲ့ pop-up အစိတ်အပိုင်းကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၆၇ လက်မ ဖြစ်တယ်။ Super AMOLED panel နဲ့အတူ HDR+ ထောက်ပံ့မှု ပါဝင်လာပါတယ်။ ရုပ်ထွက်အရည်အသွေးကို မြှင့်တင်ပေးထားပြီး 1080p+ အထိရှိလာပါတယ်။ In-display fingerprint လည်း ထောက်ပံ့ထားပါတယ်။

Poco F2 Pro ရဲ့ refresh rate ကတော့ 60Hz ပဲဖြစ်ပေမယ့် touch sampling ကတော့ 180Hz အထိ ရှိလာပါတယ်။ ဖုန်းက Widevine L1 အသိအမှတ်ပြုဖြစ်တာကြောင့် Netflix, Amazon Prime Video နဲ့ အခြားဝန်ဆောင်မှု content တွေကို HD နဲ့ကြည့်နိုင်ပါတယ်။
Xiaomi က Poco F2 Pro မှာတော့ microSD ကတ်ပေါက်နဲ့ 3.5mm နားကြပ်ပေါက်ကို မထည့်သွင်းခဲ့ပါဘူး။ ဖုန်းအတွက် aptX HD နဲ့ Bluetooth 5.1 ကိုအသုံးပြုထားပါတယ်။
ဘက်ထရီကတော့ 4,70mAh ဖြစ်ပြီး အားသွင်းမြန်ဆန်စနစ် 30W ကို ထည့်သွင်းထားပါတယ်။ Poco F2 Pro အတွက် 6/128GB ဗားရှင်းကတော့ ဒေါ်လာ ၅၀၀ ကျသင့်ပါမယ်။ RAM 8GB နဲ့ 256GB storage မော်ဒယ်ကတော့ ယူရို ၆၀၀ ကျသင့်မယ်လို့ သိရပါတယ်။ Poco F2 Pro ကို မေလ ၁၉ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပေမယ့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena