စွမ်းဆောင်ရည်မြင့်မားတဲ့ iPhone 11 Pro နဲ့ Pro Max ကို Apple ထုတ်ဖော်ပြသ

Apple ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး ထုတ်ကုန်တွေဖြစ်တဲ့ iPhone 11 Pro နဲ့ iPhone 11 Pro Max တို့ကို စျေးနှုန်းသက်သာတဲ့ iPhone 11 နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ iPhone 11 Pro မော်ဒယ်တွေက iPhone XS ဖုန်းတွေကို တိုက်ရိုက်ဆက်ခံခဲ့ပါတယ်။ iPhone 11 Pro ဒီဇိုင်းပိုင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားပြီး စတီး case နဲ့ matte finish တို့နဲ့ဖန်တီးထားပါတယ်။ ဒါပေမဲ့ iPhone 11 Pro နဲ့ Pro Max ဟာ ကင်မရာစွမ်းဆောင်ရည်ပိုင်းကို အာရုံစိုက်လုပ်ကိုင်ထားပါတယ်။

 

iPhone XS နဲ့ XS Max မှာ ကင်မရာ ၂ လုံးပါဝင်ပြီး တစ်လုံးက wide ရိုက်ချက်တွေနဲ့ အခြားတစ်ခုကတော့ telephoto နဲ့ portrait ဓာတ်ပုံတွေရိုက်ကူးဖို့ ဖြစ်ပါတယ်။ iPhone 11 Pro မော်ဒယ်တွေမှာတော့ iPhone 11 လိုပဲ 12MP ultra-wide lens သစ်ကို ထည့်သွင်းထားပါတယ်။ အခု ulta-wide lens က zoom out အနည်းငယ်လုပ်နိုင်ပြီး ရုပ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ iPhone 11 Pro နဲ့ Pro Max နဲ့ဓာတ်ပုံတွေရိုက်ကူးရာမှာ လိုသလိုစီမံနိုင်ပါတယ်။

  

ဥပမာအနေနဲ့ သုံးစွဲသူက portrait ဓာတ်ပုံအတွက် wide နဲ့ telephoto mode တွေရွေးချယ်ပြီး နေရာအကျဉ်း လေးထဲမှာ အမိုက်စား bokeh တချို့ကို ရိုက်ကူးနိုင်ပါတယ်။ 12MP telephoto lens အသစ်မှာ ကြီးမားတဲ့ f/2.0 aperture ပါဝင်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဖုန်းတွေထက် အလင်း ၄၀ ရာခိုင်နှုန်း သယ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ကင်မရာ interface ကိုချိန်ညှိထားပြီး ဓာတ်ပုံရိုက်နေစဉ်မှာ ဗီဒီယိုရိုက်ကူးဖို့ shutter ခလုတ်ကို လက်ချောင်းနဲ့ ဖိထားရပါမယ်။

  

ဒီနှစ်နှောင်းပိုင်းမှ ဖြန့်ချိမယ့် Deep Fusion လို့အမည်ရတဲ့ feature သစ်က iPhone 11 Pro နဲ့ Pro Max ရဲ့ ကင်မရာ ၃ လုံးက ဓာတ်ပုံတွေကို ပေါင်းစပ်ပေးပြီး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ တစ်ပုံတည်းဖြစ်အောင် စုပေါင်းပေးမှာ ဖြစ်ပါတယ်။ Filmic Pro ကလည်း ကင်မရာအမျိုးမျိုးကနေ ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့အတွက် သုံးစွဲသူက ဗီဒီယိုများစွာ ရိုက်ကူးစရာမလိုဘဲ ကျောဘက် ကင်မရာတွေနဲ့ ရှေ့ကင်မရာက ရုပ်ပုံတွေကို ရယူနိုင်ပါတယ်။ iPhone 11 Pro နဲ့ Pro Max မှာ iPhone 11 က feature သစ်တွေအားလုံး ပါဝင်လာမှာပါ။ Night moe နဲ့ slow motion selfie (slowfies) လို feature တွေပါဝင်လာပါတယ်။ ရှေ့ကင်မရာမှာပါဝင်တဲ့ 12MP မှာလည်း wide lens ပါဝင်ပါတယ်။ ကျယ်ပြန့်တဲ့ FaceID sense လည်းပါဝင်ပြီး မျက်နှာနဲ့ ဖုန်းကို အလျင်အမြန် unlock လုပ်နိုင်ပါတယ်။

iPhone 11 Pro နဲ့ Pro Max ရဲ့ ကျောဘက်ကင်မရာ ဒီဇိုင်းကလည်း ပြောင်းလဲသွားပြီး စတုရန်းပုံစံ အသုံးပြုထားပါတယ်။ iPhone 11 Pro နဲ့ Pro Max မှာ Apple ရဲ့ A13 Bionic ပရိုဆက်ဆာ အသုံးပြုထားပြီး GPU နဲ့ CPU မြန်နှုန်းတွေက A12 ထက်မြန်ဆန်ပါတယ်။ ဒါ့အပြင် A13 Bionic မှာ အချိန်နဲ့တစ်ပြေးညီ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို လေ့လာဆန်းစစ်ထားသလို စက္ကန့်အလိုက် ထရီလီယံလုပ်ငန်းပေါင်းများစွာ ပြီးမြောက်ဖို့ CPU အကူအညီပေးနိုင်မယ့် Machine Learning Accelerator တွေလည်းပါဝင်လာပါတယ်။ iPhone 11 Pro ကတော့ Pro အမည်အတိုင်းပဲ ကင်မရာ ၃ လုံးနဲ့ ရုပ်ထွက်အရည်အသွေးကောင်းတဲ့ မျက်နှာပြင်တွေ ပါဝင်လာပါတယ်။

  

Pro ဖုန်းတွေမှာ Super Retina OLED မျက်နှာပြင်တွေ အသုံးပြုထားပါတယ်။ iPhone 11 Pro မျက်နှာပြင် အရွယ်အစားက ၅.၈ လက်မရှိပြီး iPhone 11 Pro Max ကတော့ မျက်နှာပြင် ၆.၅ လက်မရှိပါတယ်။ အဲဒီ display တွေက စွမ်းအင်သုံးစွဲမှု ၁၅ ရာခိုင်နှုန်း ပိုမိုထိရောက်တယ်လို့ Apple ကပြောထားပါတယ်။ iPhone 11 Pro မော်ဒယ် display မှာ တစ်လက်မ ၄၅၉ pixel ပါဝင်ပြီး HDR နဲ့ Dolby Vision ကိုလည်း အသုံးပြုထားပါတယ်။

 

iPhone 11 Pro ဟာ XS ထက် ဘက်ထရီသက်တမ်း ၄ နာရီ ကောင်းမွန်သလို 11 Pro Max ကတော့ XS Max ထက် ဘက်ထရီ ၅ နာရီသာလွန်တယ်လို့ သိရပါတယ်။ iPhone 11 Pro မော်ဒယ်တွေ ဘက်ထရီတွေကိုတော့ မသိသေးပါဘူး။ ဒါပေမဲ့ Apple က 18W အားသွင်းမြန်ဆန်တဲ့ charger ကိုထည့်သွင်းထားပါတယ်။

Apple အနေနဲ့ iPhone 11 Pro ကို ဒေါ်လာ ၉၉၉နဲ့ ရောင်းချမှာဖြစ်ပြီး 11 Pro Max ကိုတော့ ဒေါ်လာ ၁,၀၀၉ နဲ့ ရောင်းချမယ်လို့သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၂၀ ရက်မှာတော့ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: Engadget