စွန့်ပစ်ပလတ်စတစ် ပစ္စည်းများမှ အံအားသင့်ဖွယ်ကောင်းသည့် ပြန်လည်အသုံးပြုနိုင်မှုများ

ပလတ်စတစ်အမှိုက်ဟု ဆိုလိုက်သည်နှင့် လမ်းမပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်မည့် အရာတစ်ခု ဖြစ်သည်ကို မြင်ယောင်မိကြလိမ့်မည် ဖြစ်သည်။ အမှန်တကယ်အားဖြင့်လည်း အဆိုပါစွန့်ပစ်ပစ္စည်းဖြစ်သည့် အမှိုက်များသည် လူသားများ နေထိုင်ရာ ကမ္ဘာမြေကြီးကို အချိန်ကာလ ကြာမြင့်စွာဖြင့် ဒုက္ခပေးနိုင်သည့် ပစ္စည်းများလည်း ဖြစ်ပေသည်။ ကမ္ဘာကြီး အပေါ်တွင် နေထိုင်သည့် လူသားတို့အနေဖြင့် စွန့်ပစ်ပလတ်စတစ် အမှိုက်များကို တနှစ်စဉ် တန်ချိန်အားဖြင့် ဘီလီယံနှင့်ချီလျက် စွန့်ပစ်နေကြသည်ဖြစ်ရာ ကြီးစွာသော ဆုံးရှုံးနစ်နာမှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီလည်း ဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်တစ်ခုသည် ၎င်းတွင်ပါ၀င်ပြုလုပ်ထားသည့် ဓါတုဒြပ်ပစ္စည်းအပေါ် မူတည်ကာ ပျက်စီးရန်ကြာချိန်သည် ရာစုနှစ်တစ်ခုရှိသည်ဟုလည်း စစ်တမ်းများကဆိုထားပေသည်။ စွန့်ပစ်ပလတ်စတစ် ပစ္စည်းနှင့်ပတ်သက်၍ ပိုမိုကြီးမားသည့် အန္တရာယ်မှာ ရေနေသတ္တဝါများ အတွက်ပင်ဖြစ် သည်။ ကုန်းမြေပေါ်ရှိလူသားတို့မှ စွန့်ပစ်လိုက်သော ပလတ်စတစ်များသည် ပင်လယ်သမုဒ္ဒရာ အတွင်းရှိ ရေနေသတ္တဝါများအတွက် ကပ်ဆိုးတစ်ခုအဖြစ် တည်ရှိလာပေရာ ထိုအကျိုးဆက်သည် ကုန်းမြေပေါ်ရှိ လူသားတို့အတွက်သာ တဖန်ပြန်လည် ခံစားရစေမည်လည်း ဖြစ်သည်။

ထိုသို့ မြောက်မြားစွာသော ဆိုးကျိုးများကြောင့် ကမ္ဘာတစ်၀န်းမှ သိပ္ပံပညာရှင်များ၊ သုတေသန အဖွဲ့အစည်းများအနေဖြင့် စွန့်ပစ်ပလတ်စတစ်များကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန် အတွက် သုတေသနပြု ဆောင် ရွက်ချက်များကို အားသွန်ခွန် စိုက် လုပ်ဆောင်လာခဲ့ကြရာ အောင်မြင်မှုရရှိခဲ့သည့် အသုံးချမှုများစွာပေါ် ပေါက်လာသည်ကိုလည်း တွေ့မြင်နေရပြီလည်း ဖြစ်သည်။ ထိုသို့သောအောင်မြင် မှုများထဲမှ ထူးခြားစွာအကျိုးရှိ စေမည့် ပြောင်းလဲမှုအချို့ကိုရေးသားဖော်ပြလိုက်ပါသည်။

လေယာဉ်လောင်စာဆီ

အမှိုက်များကို စီးပွားဖြစ် ပြေးဆွဲနေသော ခရီးသည်တင် လေယာဉ်များအတွက် လောင်စာဆီအဖြစ် အသုံးပြုနိုင်စေရန် ပြောင်းလဲစေခြင်းသည် ရူးသွပ် သော အတွေးအခေါ်ကိုအကောင် အထည်ဖော်ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ သို့သော်လည်း ဗြိတိန်လေကြောင်းလိုင်းများအ နေဖြင့် အဆိုပါအတွေးအခေါ် ကို အကောင်အထည်ဖော်ရန်အတွက် စွန့်ပစ်ပစ္စည်းစက်ရုံ တစ်ခုကို တည်ဆောက်လျက် စွန့်ပစ်ပစ္စည်း (အထူးသဖြင့် ပလတ်စတစ်) များမှ လောင်စာဆီ ထုတ်လုပ်နိုင်ရန်အတွက် ရန်ပုံငွေထောက်ပံ့မှု ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါတီထွင်မှုကို ၀ါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သိပ္ပံပညာရှင်ဖြစ်သူ တွဲဖက်ပါမောက္ခ Hanwu Lei ဦးဆောင်ကာ ပလတ်စတစ်အိတ်များနှင့် ရေသန့်ဗူး များမှ သိပ်သည်းဆနည်းပါးသည့် ပိုလီအီသိုင်းလ်များကို ဓါတုဗေဒနည်းဖြင့် ထုတ်ယူကာ လေယာဉ်ဆီအဖြစ် ပြောင်းလဲခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါပိုလီအီသိုလ်း များကို အစေ့အဖြစ် ပြန်လည်တည်ဆောက်ကာ ကာဗွန်နှင့်အ တူ အပူချိန် ၁၀၆၀ ဒီဂရီဖာရင် ဟိုက်တွင် ဓာတ်ပေါင်းဖိုအတွင်း၌ အပူပေးလိုက်ခြင်းဖြင့် ဟိုက်ဒရိုကာဗွန်များ ထွက်ရှိလာပါတော့ သည်။ အဆိုပါဒြပ်ပစ္စည်းများကို လေယာဉ်လောင်စာဆီအတွက်အသုံးပြုနိုင်မည်ဖြစ်သည်။

ဒီဇယ်

အထက်တွင် ဖော်ပြခဲ့သည့် ဓါတုဗေဒနည်းဖြင့် စွမ်းအင် ထုတ်ယူသည့် နည်းလမ်းကို Pyrolysis ဟုခေါ်ပါသည်။ အဆို ပါနည်းလမ်းဖြင့်ပင် ပလတ်စတစ်ကို အသုံးပြုလျက် အခြားသောယာဉ်များအတွက် လောင်စာဆီ ပြုလုပ်ပေးနိုင်မည်လည်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်ကာလကို ပြန်ကြည့်မည်ဆိုလျှင် သုတေသန အသင်းအဖွဲ့ တစ်ခုသည် ယာဉ်များ၊ သို့မဟုတ် သင်္ဘောများအပေါ်၌ပင် ပလတ်စတစ်ကို လောင်စာအဖြစ် ပြောင်းလဲကာ ဒီဇယ်ကိုထုတ်လုပ်ခြင်းဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်အတွက်မူ ဓာတ်ကူပစ္စည်းအသစ် တစ်မျိုးကို အသုံးပြုခဲ့ရပြီး အဆိုပါဒြပ်ပစ္စည်း အသစ်အနေဖြင့် ပလတ်စတစ်များကို ဒီဇယ်လောင်စာဆီရရှိရန်အတွက် ဓါတ်ပြုမှု လျင်မြန်စွာ ရရှိစေရန် ဆောင်ရွက်ပေးသည်ဟုဆိုသည်။ ၎င်းစနစ်အနေဖြင့် တစ်နေ့လျှင် ပလတ်စတစ်အလေးချိန် ပေါင် ၁၀၀၀၀ ကို ဒီဇယ်အဖြစ်ပြောင်းလဲပေးနိုင်သည်ဟုဆိုသည်။

ဓာတုဗေဒ ပစ္စည်းများအတွက် စျေးပေါသည့် စစ်ထုတ်ရေး ကိရိယာ

အရည်များမှ မလိုလားအပ်သော မော်လီကျူးများကို ဖယ်ရှားနိုင်ရန်အတွက် စွမ်းအင်အမြောက်အမြားကို အသုံးပြုရပေသည်။ အဘယ်ကြောင့်ဆိုသော် အလွယ် တကူ ပျော်ဝင်နိုင်ရန်ခက်ခဲခြင်း ကြောင့်ဖြစ်သလို ထိုပျော်ရည် များကို စစ်ထုတ်ရန်အတွက် ကြွေ ထည်အလွှာပါးလေးများကို အသုံးပြုရသည်ဖြစ်ရာ ၎င်းတို့သည် စျေးနှုန်းအားဖြင့် ကုန်ကျစရိတ် များပြားပေသည်။ ထို့အတွက်ကြောင့် ဆော်ဒီအာရေဗျနိုင်ငံရှိ အဗူဒူလာသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ သုတေသီများအနေဖြင့် တစ်ခါသုံးရေဗူးများတွင် အသုံးပြုသည့် PET ပလတ်စတစ်များကို ပျော်ဝင်ရန်ခက်ခဲသည့် ဓာတုပစ္စည်းများအတွက် ပျော်ဝင်မှုလျင်မြန်စေရန် အသုံးပြုခြင်း နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ အဆိုပါ အသင်းအနေဖြင့် ထပ်မံ၍ အဆိုပါပလတ်စတစ် အလွှာပါးကို ပိုလီမာထပ်မံပေါင်း စပ်ဖုံးအုပ်ခြင်းဖြင့် ၃၅ မှ ၁၀၀ နာနိုမီတာ အကျယ်သာရှိသည့် ကောင်းစွာစစ်ထုတ်နိုင်သည့် အလွှာပါးကို တည်ဆောက်နိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ရေနံဖိတ်လျှံခြင်းအတွက် ကောင်းစွာ စုပ်ယူနိုင်မည့်ရေမြှုပ်

များပြားလှသည့် သုတေသနပြုမှုများကြောင့် မတော်တဆမှုကြောင့် ဖြစ်ပေါ်လာသည့် ရေနံဖိတ်လျှံမှုများကို စုပ်ယူဖယ်ရှားနိုင်မည့် ဒြပ်ပစ္စည်းအသစ်များ ထွက်ပေါ်လာခဲ့ပြီးလည်း ဖြစ်သည်။ သို့သော်လည်း စုပ်ယူနိုင်စွမ်းပမာဏတော့ ကွဲပြားခြားနားမှုများရှိနေသည်ကို တွေ့ရှိရမည်ဖြစ် သည်။ ယနေ့ကမ္ဘာပေါ်တွင် စွန့်ပစ်ပစ္စည်းအများစုသည် PET ပလတ်စတစ်များပင် ဖြစ်သည်။ လွန်ခဲ့သော နိုဝင်ဘာလက စင် ကာပူအမျိုးသားတက္ကသိုလ်မှ သု တေသီများသည် လွန်စွာအသုံး ၀င်မည့် Aerogel ကို အဆိုပါ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများ အသုံးပြုကာ တီထွင်ထုတ်လုပ် ခဲ့ကြပါသည်။ ပညာရှင်များအ နေဖြင့် PET ပလတ်စတစ် ကို အမျှင်အဖြစ် လျှော့ချထုတ်လုပ် လိုက်ပြီးနောက် ၎င်းတို့ကို စီလီကာ ထပ်မံအုပ်မိုးလိုက်ပါ သည်။ အဆိုပါ အမျှင်များကိုဓါ တုဗေဒနည်းဖြင့် ဓာတ်ပြုလိုက် သည့်အခါတွင်မူ ကောင်းမွန်သည့် Aerogel အဖြစ်ရရှိလာပါတော့ သည်။ ၎င်းတို့ကို ရေနံဆီယိုဖိတ်ခြင်းအတွက် စုပ်ယူနိုင် သည့် ရေမြှုပ်အဖြစ်သာမကဖုန် မှုန့်များ စစ်ခြင်း၊ ဆူညံသံများ စစ်ခြင်းတို့အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ထိုတီထွင်လိုက်သည့် ရေမြုပ် သည် လက်ရှိစျေးကွက်အတွင်း တည်ရှိပြီးဖြစ်သည့် ရေမြုပ်များထက် ၇ ကြိမ်ခန့် ပိုမိုစုပ်ယူနိုင် စွမ်းရှိသည်ဟုဆိုသည်။ ထိုနည်းပညာကို စျေးကွက်အတွင်း အသုံးချနိုင်ရန်အတွက် ပူးပေါင်းထုတ်လုပ်မည့် စက်ရုံများကိုလည်း ခေါ် ဆောင်လျက်ရှိသည်ဟုဆိုသည်။

အသေးစား ကာဗွန်နာနိုချောင်း

ကာဗွန်နာနိုချောင်းများနှင့် ပတ်သက်၍ ယနေ့အချိန်အခါတွင် ဆေးဘက်ဆိုင်ရာ၊ ရေကြောင်းအင်ဂျင်နီယာဆိုင်ရာနှင့် ဗုံးရှင်းလင်းခြင်းလုပ်ငန်းများ အစရှိသည်တို့တွင် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်ကို ပြန်ကြည့်မည်ဆိုလျှင် သြစတြေးလျနိုင်ငံ Adelaide တက္ကသိုလ်မှသိပ္ပံ ပညာရှင်များသည် အီသနောကို အသုံးပြုလျက် ကာဗွန်နာနို ချောင်းများကို ထုတ်လုပ်ခဲ့သည့် နည်းလမ်းများကို ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း အခြားသော သိပ္ပံပညာရှင်များက ပလတ်စတစ် အိတ်များကို အငွေ့ပျံခြင်း နည်းလမ်းအပါ အဝင် အခြားသော နည်းလမ်းများဖြင့် လည်း ကာဗွန်နာနိုချောင်းများကို ထုတ်လုပ်နိုင်သည့် လမ်းစဉ်များရှိသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ကြပါသည်။ လေ့လာဆန်းစစ်မှု များအရ ကာဗွန်နာနုချောင်းများကို အီသနောကို အသုံးပြုထုတ်လုပ်ခြင်းထက် ပလတ်စတစ်များကို အသုံးပြုခြင်းသည် ပိုမိုထိရောက်မှုရှိသည့် ပုံစံကိုရရှိစေ သည်ဟုဆိုသည်။

စွန့်ပစ်ပလတ်စတစ်များကို ပြန်လည် အသုံးပြုခြင်းနှင့် ပတ်သက်၍ နည်းလမ်းများစွာ ရှိသော်လည်း ဖော်ပြပါနည်း လမ်းများသည် တစ်သက်တာ ကာလအတွင်း စွန့်ပစ်ပလတ်စတစ်များကို အကောင်းမွန်ဆုံး ပြန်လည်အသုံးချနိုင်သည့် နည်းပညာဆိုင်ရာ တီထွင်အောင်မြင်မှုများဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ပါရပါသည်။

ကျော်လင်း (အမိမြေ)