စွမ်းဆောင်ရည်မြင့် Android Spyware ဖြစ်တဲ့ Skygofree ကို သုတေသီများ ရှာဖွေတွေ့ရှိ

လုံခြုံရေးသုတေသီတွေဟာ စွမ်းဆောင်ရည်မြင့်မားပြီး အလွန်အဆင့်မြင့်တဲ့ Android spyware tool တွေထဲက တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ spyware ကူးစက်ခံရတဲ့ ထုတ်ကုန်တွေကို ဟက်ကာတွေက အဝေးကနေ အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်။

Skygofree လို့အမည်ရတဲ့ Android spyware ဟာ လေ့လာစောင့်ကြည့်ရေးအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Skygofree ကို ပြီးခဲ့တဲ့ လေးနှစ်အတွင်း သုံးစွဲသူ တော်တော်များများအပေါ် ပစ်မှတ်ထားအသုံးချခဲ့တယ်လို့ သုတေသီတွေက ယုံကြည်နေကြပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ Skygofree အသုံးချမှုကနေ ဆန်းသစ်တဲ့ feature တွေရရှိလာတယ်လို့ ရုရှားဆိုက်ဘာကုမ္ပဏီ Kaspersky Labs ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အဲဒီ feature သစ်တွေထဲမှာ ထုတ်ကုန်ရဲ့ မိုက်ကရိုဖုန်းကိုအသုံးပြုပြီး တည်နေရာအခြေခံ အသံတွေကို မှတ်တမ်းတင်တာ ပါဝင်သလို WhatsApp message တွေခိုးယူဖို့ Android Accessibility Service တွေ အသုံးပြုတာလည်း ပါဝင်ပါတယ်။ ကူးစက်ခံထားရတဲ့ ထုတ်ကုန်တွေကို တိုက်ခိုက်သူတွေ ထိန်းချုပ်ထားတဲ့ အန္တရာယ်ရှိ Wi-Fi ကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Skygofree ကို မိုဘိုင်းကွန်ရက်အော်ပရေတာ ဟန်ဆောင်ထားတဲ့ ဝက်ဘ်စာမျက်နှာအတုတွေကနေ ဖြန့်ချိခဲ့ပါတယ်။ အဲဒီဝက်ဘ် စာမျက်နှာအများစုကို ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ တိုက်ခိုက်သူတွေက စာရင်းသွင်းထားကြပါတယ်။ ၂၀၁၅ ခုနှစ်ဟာ Skygofree အစီအစဉ် လှုပ်ရှားမှုအပြုဆုံး နှစ်တစ်နှစ် ဖြစ်တယ်လို့ Kasperky ရဲ့ telemery အချက်အလက်တွေအရ သိရပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ active ဖြစ်လာတဲ့ Skygofree နောက်ကွယ်မှာ ဟက်ကာတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဟက်ကာအဖွဲ့ တစ်ခုရှိပြီး အီတလီနိုင်ငံမှာ အခြေစိုက်ထားတယ်လို့ Kaspersky Lab သုတေသီတွေက ယုံကြည်နေပါတယ်။ အီတလီနိုင်ငံမှာ ‘Hacking Team’ လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ အခြေချထားပြီး spyware အရောင်းအဝယ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ဟက်ကာအဖွဲ့ထဲက တစ်ခု ဖြစ်ပါတယ်။

“Artifact အများအပြားကို malware code မှာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အခြေခံအဆောက်အအုံ လေ့လာဆန်းစစ်မှုမှာပါ တွေ့ရပါတယ်။ Skygofree ရဲ့ developer ဟာ လေ့လာစောင့်ကြည့်ရေး အဖြေရှာဖွေရေး အီတလီကုမ္ပဏီ ဖြစ်ပါတယ်။ Hacking Team အဖွဲ့လိုမျိုးပါ” ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အီတလီနိုင်ငံက ထုတ်ကုန်တွေမှာ Skygofree ကူးစက်ခံထားရတာကိုလည်း Kaspersky ကတွေ့ရှိခဲ့ပါတယ်။

ဒီ spyware ရဲ့ နောက်ကွယ်က အီတလီကုမ္ပဏီအမည်ကို Kaspersky ကအတည်မပြုခဲ့ပေမယ့် spyware ရဲ့ code အတွင်းမှာတော့ ရောမမြို့အခြေစိုက် နည်းပညာကုမ္ပဏီ “Negg” ကို ရည်ညွှန်းထားတာကို တွေ့ရပါတယ်။ Negg ဟာ တရားဝင် hacking tool တွေ ဖန်တီးရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

စိုးထက်
Ref: TheHackerNews