စိန်စီထားတဲ့ ဒေါ်လာ ၂၀၀,၀၀၀ တန် စမတ်နာရီကို TAG Heuer မိတ်ဆက်

TAG Heuer ရဲ့နောက်ဆုံးထုတ်လုပ်ထားတဲ့ ထုတ်ကုန်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး စမတ်နာရီ ဖြစ်လာပါတယ်။ TAG Heuer ရဲ့ နောက်ဆုံးထုတ် စမတ်နာရီမှာ ထောင့်မှန်စတုဂံအရွယ် စိန် ၅၈၉ လုံး ထည့်သွင်းထားပြီး အလေးချိန်က ၂၃.၃၅ ကာရတ်ရှိပါတယ်။ အဲဒီထုတ်ကုန်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ Salon International de la Haute Horlogerie Geneve ပြပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီ စမတ်နာရီတစ်လုံးရဲ့တန်ဖိုးက ဒေါ်လာ ၁၉၇,၀၀၀ ဖြစ်ပါတယ်။

နာရီရဲ့ ကိုယ်ထည်နဲ့ လက်ပတ်မှာ 18K ရွှေဖြူ အသုံးပြုထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ TAG Heuer ရဲ့ ဒေါ်လာ ၁,၆၀၀ တန် Conneted Modular 45 စမတ်နာရီမှာ အလားတူ ကိုယ်ထည်နဲ့လက်ပတ်ကို အသုံးပြုထားပါတယ်။ TAG Heuer Connected Modular 45 Full Diamond လို့ခေါ်တဲ့ စမတ်နာရီဟာ ကမ္ဘာ့ဈေးအကြီးအဆုံး Android Wear စမတ်နာရီဖြစ်လာပါတယ်။ အရင်တုန်းက ကမ္ဘာ့ဈေးအကြီးဆုံး စမတ်နာရီဆိုတဲ့ နေရာကို ဒေါ်လာ ၂,၄၅၀ တန်ဖိုးရှိတဲ့ Louis Vuitton ရဲ့ပထမဆုံး စမတ်နာရီဖြစ်တဲ့ Tambour Horizon က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

TAG Heuer Connected Modular 45 Full Diamond စမတ်နာရီဟာ Android Wear 2.0 ထုတ်ကုန်ဖြစ်ပါတယ်။ AMOLED မျက်နှာပြင် အသုံးပြုထားပြီး Wi-Fi, Bluetooth, NFC, GPS နဲ့ Intel Z34XX ပရိုဆက်ဆာ ပါဝင်လာပါတယ်။ TAG ဟာ Connected စမတ်နာရီမော်ဒယ် သုံးစွဲသူတွေအတွက် upgrade အစီအစဉ်တွေကို ဖြန့်ချိခဲ့ပေမယ့် အခုမော်ဒယ်မှာ အသုံးပြုထား၊ မထားကို မသိရသေးပါဘူး။

ထုတ်ကုန်တွေမှာ စိန်တွေကို ထည့်သွင်းလာတာ TAG Heuer တစ်ခုတည်း မဟုတ်ပါဘူး။ ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်တဲ့ Brikk ကလည်း iPhone ပါဝင်တဲ့ case အမျိုးမျိုးကို ဒေါ်လာ ၄,၄၉၅ ကနေ ဒေါ်လာသန်းချီအထိ ရောင်းချပေးလျက်ရှိပါတယ်။

စိုးထက်
Ref: CNET