စိတ်ကြိုက်ဖန်တီးထားတဲ့ iOS 14 widget တွေ TikTok မှာရေပန်းစား

iOS 14 မှာပါဝင်လာတဲ့ widget လုပ်ဆောင်ချက်ကတော့ သုံးစွဲသူတွေ စိတ်အလှုပ်ရှားဆုံး feature တစ်ခု ဖြစ်ပါတယ်။

iPhone ရဲ့ home screen မှာ widget ထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက်ကြောင့် Widgetsmith အမည်ရတဲ့ app ဟာ အလွန်အောင်မြင်ခဲ့ပါတယ်။ iOS 14 ထွက်ရှိအပြီး စက်တင်ဘာ ၁၆ ရက်နောက်ပိုင်း download ပြုလုပ်မှု ၂ သန်းကျော် ရှိပါတယ်။ Widgetsmith ဟာ စာမျက်နှာဖွဲ့စည်းမှုအပိုင်း မပါဝင်ပေမယ့် widget ရွေးချယ်မှု များစွာကို ပြုလုပ်နိုင်ပါတယ်။ iOS 14 ပေါ်မှာ widget ရဲ့ layout ဖွဲ့စည်းမှု tutorial ဗီဒီယိုတွေမှာလည်း Widgetsmith ကိုပဲ အသုံးပြုကြပါတယ်။ Widgetsmith ကိုအသုံးပြုပြီး ပြီးပြည့်စုံတဲ့ layout ဖန်တီးမှုက နာရီပေါင်းများစွာ ကြာမြင့်ပါတယ်။ သုံးစွဲသူက iPhone ပေါ်က home screen စိတ်ကြိုက် ပြင်ဆင်ဖန်တီးမှုတွေကို Instagram ဒါမှမဟုတ် TikTok ပေါ်မှာ တင်နေကြပါတယ်။

Twilight ပရိသတ်တစ်ဦးဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် ဂျီနာကလည်း Twilight ပုံစံ home screen ကိုပြုလုပ်ဖို့ ၅ နာရီ ကြာမြင့်ခဲ့ပါတယ်။ အဲဒီ home screen ထဲမှာ GIF lock screen ရုပ်ပုံနဲ Twilight ရုပ်ရှင်ဇာတ်ကောင် app icon တွေနဲ့ Twilight ဒိုင်ယာလော့ခ်ဖော်ပြတဲ့ Widgetsmith box တွေအသုံးပြုခဲ့ပါတယ်။ သူမရဲ့ home screen ကိုပြသထားတဲ့ TikTok ဗီဒီယိုကို ကြည့်ရှုသူ ပရိသတ်ထောင်ပေါင်းများစွာ ရှိပါတယ်။

EnFlique Creative ပိုင်ရှင်နဲ့ ဖန်တီးမှုဒါရိုက်တာ ကတ်ထရီနာမိုဂပ်က Etsy Shop ဖွင့်လှစ်ပြီး iOS 14 layout pack တွေကို ၄.၉၉ ဒေါ်လာနဲ့ ရောင်းချပါတယ်။ သူမဟာ Widgetsmith ကိုဘယ်လိုသုံးပြီး home screen တွေ ဖန်တီးမလဲဆိုတာကို TikTok မှာပြသခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို ကြည့်ရှုသူအရေအတွက် ၂၅ သန်း ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««