စာသင်ကျောင်းများအား ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များမှစတင် ဖွင့်လှစ်မည်

စာသင်ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း မဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များ၊ လူဦးရေနည်းသည့် နေရာများ၊ ရွှေ့ပြောင်းနေထိုင်သူနည်းသည့် နေရာများမှစ၍ အဆင့်လိုက် အဆင့်လိုက် စတင်ဖွင့်လှစ်ရန် အကဲဖြတ် ဆန်းစစ်မှုပုံစံ (Checklist) များဖြင့် ဆန်းစစ်သုံးသပ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အဆိုပါ အကြောင်းအရာကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်မှု အခြေအနေအရ ကျောင်းများ အဆင်သင့်ဖြစ်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ စာသင်ကျောင်းများနှင့် တက္ကသိုလ်များ မည်သည့်အချိန်တွင် ပြန်ဖွင့်မည်ဆိုသည့် အချက်သည် ပြည်သူများ၏ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှုအတိုင်းအတာ အပေါ် မူတည်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် ပတ်သက်၍ နေရာဒေသအလိုက် COVID-19 ဖြစ်ပွားမှုအခြေအနေ၊ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန်၊ ကူးစက်ပျံ့နှံ့မှုနေရာဒေသ၊ မြို့နယ်အရေအတွက်၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပမာဏတို့ကို သုံးသပ်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် လွန်စွာ အရေးကြီးသည့် ပညာရေးကဏ္ဍအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပံ့ပိုးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာစာမေးပွဲများနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့ လူနာ စစ်ဆေးအတည်ပြုခဲ့သဖြင့် တက္ကသိုလ်များအားလုံး၏ ပထမ ပညာသင်နှစ်ဝက် စာမေးပွဲများကို သက်ဆိုင်ရာတက္ကသိုလ် ပညာရေးအဖွဲ့များ၏ ဆုံးဖြတ်ချက်ဖြင့် ရပ်နားခဲ့ရတာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««