စာဖတ်စွမ်းရည်တွင် ကွန်ပျူတာများက လူသားများထက် သာလွန်နေဟုဆို

Alibaba နဲ့ Microsoft တို့ တည်ဆောက်ထားတဲ့ artificial intelligence (AI) ပရိုဂရမ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုအမျိုးမျိုးကို စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့အခါ အဲ့ဒီ AI တွေက လူသားတွေထက် သာလွန်နေတယ်လို့ သိရပါတယ်။

“ဒီလိုစမ်းသပ်မှုမှာ စက်က လူသားတွေထက် သာလွန်သွားတာ ပထမဆုံးအကြိမ်ဖြစ်တယ်” လို့ Alibaba က ဇန်န၀ါရီ ၁၅ ရက် (တနင်္လာနေ့) မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုကို စတန်းဖို့ဒ်က AI ကျွမ်းကျင်ပညာရှင်တွေက ဖန်တီးပြီး ကွန်ပျူတာရဲ့ တိုးတက်လာတဲ့ စာဖတ်စွမ်းရည်တွေကို တိုင်းတာပေးပါတယ်။ Alibaba ရဲ့ software ဟာ လူသားရမှတ်ကို ကျော်လွန်တဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Alibaba ကုမ္ပဏီရဲ့ AI သုတေသနအဖွဲ့က ပင်ကိုယ်ဘာသာစကား ဖြစ်စဉ်ရဲ့ အကြီးတန်းသိပ္ပံပညာရှင် လုအိုစီက အခုသမိုင်းမှတ်တိုင်ကို ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူဖွယ်ရာတစ်ခုဆိုပြီး ခေါ်ဆိုခဲ့ပါတယ်။ အခုလို AI နည်းပညာ တိုးတက်လာတာကြောင့် လုပ်သားတွေရဲ့ အလုပ်အကိုင် တော်တ်ာများများ ဆုံးရှုံးနိုင်ခြေရှိတယ်လို့လည်း လုအိုဆီက ပြောကြားခဲ့ပါတယ်။

“အခုနည်းပညာဟာ သုံးစွဲသူဝန်ဆောင်မှု၊ ပြတိုက်တာဝန်ခံနဲ့ လူနာတွေဆီက ဆေးပညာဆိုင်ရာ စုံစမ်းမှုတွေကို အွန်လိုင်းဖြေကြားရေးတွေအထိ application အမျိုးမျိုးမှာ အသုံးချနိုင်ပါတယ်။ အရင်တုန်းက အသုံးမချခဲ့ဖူးတဲ့ နည်းလမ်းနဲ့ လူသားပါဝင်မှု လျော့ကျလာမှာ ဖြစ်ပါတယ်” လို့ လုအိုဆီက ထုတ်ပြန်ခဲ့ပါတယ်။

Alibaba အနေနဲ့ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်ထွက်တဲ့ ရက်တစ်ရက်ဖြစ်တဲ့ Singles Day မှာ အဲဒီနည်းပညာကို အသုံးချနေပြီး သုံးစွဲသူဝန်ဆောင်မှု မေးခွန်းပေါင်း မြောက်မြားစွာကို ဖြေကြားဖို့ ကွန်ပျူတာတွေကို အသုံးပြုနေပါတယ်။

Artificial intelligence အတွက် Alibaba ရဲ့စွမ်းဆောင်မှုက ၂၀၁၈ ခုနှစ်ကို စတင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ စာဖတ်စွမ်းရည် စမ်းသပ်မှုကို ဖန်တီးခဲ့တဲ့ စတန်းဖို့ဒ်သုတေသီတွေထဲက တစ်ဦးဖြစ်တဲ့ ပရာနတ်ဗ်ရာ့ခ်ျပါကာက tweet တစ်ခုမှာ ရေးသားခဲ့ပါတယ်။

စတန်းဖို့ဒ် စမ်းသပ်မှုမှာ Wikipedia ဆောင်းပါးအစုံလိုက်နဲ့ ပတ်သက်တဲ့မေးခွန်းတွေ ပါဝင်ပါတယ်။ ဥပမာအနေနဲ့ လူသား ဒါမှမဟုတ် AI ပရိုဂရမ်က ဗြိတိန်တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Doctor Who သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုပြီး “Doctor Who ရဲ့အာကာသယာဉ်အမည်က ဘာလဲ” ဆိုတဲ့ မေးခွန်းမျိုးကို ဖြေကြားရမှာ ဖြစ်ပါတယ်။

Alibaba ရဲ့ deep neural network မော်ဒယ်ဟာ ဇန်နဝါရီ ၁၁ ရက် စမ်းသပ်မှုမှာ ရမှတ် ၈၂.၄၄ မှတ်ပဲရရှိခဲ့ပြီး စမ်းသပ်မှုမှာ ပါဝင်တဲ့ လူသားတွေကတော့ ရမှတ် ၈၂.၃၀၄ မှတ်ရရှိခဲ့တဲ့အတွက် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်အကြာမှာတော့ Microsoft ရဲ့ AI software က ၈၂.၆၅၀ မှတ်နဲ့ လူသားကို အနိုင်ယူခဲ့ပါတယ်။

Facebook, Tencent နဲ့ Samsung တို့ကလည်း စတန်းဖို့ဒ်စီမံကိန်းမှာ AI မော်ဒယ်ကို အရင်က တင်သွင်းခဲ့ဖူးပါတယ်။

Artificial intelligence ဟာ ကမ္ဘာတစ်ဝန်းက စက်မှုလုပ်ငန်းအတွင်း မတည်မငြိမ်မှုတွေကို ဖြစ်စေပါတယ်။ ကုန်လှောင်ရုံအလုပ်သမားကို စက်ရုပ်နဲ့ အစားထိုးခြင်း၊ မောင်းသူမဲ့ကားတွေ လည်ပတ်ခြင်းနဲ့ သီးနှံတွေ ကောင်းကောင်း ရိတ်သိမ်းဖို့ လယ်သမားတွေကို ကူညီတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ရုရှားသမ္မ ဗလာဒီမာပူတင်က AI မှာခေါင်းဆောင်နိုင်သူက “ကမ္ဘာကို အုပ်စိုးသူ” ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

စိုးထက်
Ref: CNN