စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း တိုးတက်

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း အထိ တိုးတက်လာသလို အခြေခံသင်္ချာ တွက်ချက်တတ်သူမှာလည်း ၃၃.၃၄ သန်းအထိ တိုးတက်လာကြောင်း ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားမှ သိရပါတယ်။

စာတတ်မြောက်ရေးအတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ အသက်၁၅နှစ် အထက် စာတတ်မြောက်သူဦးရေ ၃၀.၃၇ သန်း အထိ တိုးတက်လာကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ်မြောက်သူဦးရေ ၃၃.၁၈ သန်း တိုးတက်လာပြီး အခြေခံသင်္ချာတွက်ချက်တတ်သူ ၃၃.၃၄ သန်းအထိ တိုးတက်လာကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင်လည်း ယခင် ဆယ်စုနှစ်ကာလများတွင် ပညာရေးနှစ်ပေါင်းများစွာ အားနည်းခဲ့တဲ့ အတွက် ကျောင်းလုံးဝမနေဖူးသူ များပြားခဲ့ခြင်း၊ ကျောင်းထွက်နှုန်း များပြားခဲ့ခြင်း၊ ကျောင်းနေသော်လည်း စာမတတ်မြောက်သူဦးရေ များစွာရှိခဲ့ခြင်းတို့ရဲ့ ဆိုးကျိုးများကြောင့် အသက် (၁၅) နှစ် နှင့်အထက် လူငယ်နှင့် သက်ကြီး စာမဖတ်တတ်သူ ၄.၀၇ သန်း ၊ အခြေခံ သင်္ချာ မတွက်တတ်သူ ၃.၉၁ သန်း ရှိနေကြောင်း၊ တစ်ကမ္ဘာလုံးတွင်လည်း သက်ကြီးနှင့်လူငယ် စုစုပေါင်း ၇၇၃ သန်းတို့သည် စာမတတ်သူများဖြစ်ပြီး ကလေးငယ်နှင့်ဆယ်ကျော်သက် ၆၁၇ သန်းတို့သည် စာမဖတ်တတ်၊ အခြေခံသင်္ချာ မတွက်တတ်သူများ ဖြစ်ကြောင်း၊ ယနေ့ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အချိန်ကာလတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိနေဆဲဖြစ်ကြောင်း၊ ယခု ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကူးစက်မြန်သည့် အခြေအနေကြောင့် လက်ရှိစာတတ်မြောက်မှုအခြေအနေ၊ ကျောင်းပညာရေး၊ တစ်သက်တာသင်ယူရေး အခွင့်အလမ်းများတို့ကို စိန်ခေါ်မှုများ ပိုမို များပြားလာစေပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများ၊ အခြားပညာသင်ယူခွင့်ရသည့် နေရာများပိတ်ထားခဲ့ရပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူပေါင်း ၁.၆ ဘီလီယံနီးပါးနဲ့ အခြေခံပညာ ဆရာ ဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၈ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) မှာ Video Conferencing နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««