စမတ် screen လုပ်ဆောင်ချက်ဖြစ်တဲ့ Ambient Mode ကို ဘယ်လိုသုံးမလဲ

မိမိကဖုန်းမှာ Google Assistant ကိုသုံးတယ်ဆိုရင်တော့ ဖုန်းရဲ့ lock screen ကို မဖွင့်ဘဲနဲ့ Assistant လုပ်ဆောင်ချက်ဆိုင်ရာတွေကို အသုံးပြုနိုင်တဲ့ စမတ် Screen လုပ်ဆောင်ချက်ဖြစ်တဲ့ Ambient mode ကို စမ်းသပ် အသုံးပြုကြည့်သင့်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို သုံးပြီး သတိပေးချက်တွေ၊ ရာသီဥတုအခြေအနေအသစ် ပြောင်းခြင်းဆိုင်ရာတွေ၊ တေးဂီတဖွင့်တာတွေ၊ Gallery ဓာတ်ပုံကြည့်ရှုတာတွေကို ဖုန်းရဲ့ Lock screen ကို ဖွင့်စရာ မလိုဘဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ambient Mode ကိုအသုံးပြုဖို့အတွက် ပထမဦးဆုံး ဖုန်းမှာ Google Assistant ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ မိမိဖုန်းမှာ မရှိရင်တော့ Google Assistant App ကို Goolge PlayStore မှာ download လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ Google Assistant ကိုထည့်သွင်းပြီးတာနဲ့ app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Google Assistant မြင်ကွင်းရဲ့ အောက်ခြေထောင့်နားက သံလိုက်အိမ်မြှောင်ပုံ icon ကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အချက်အလက်၊ ရာသီဥတုခန့်မှန်းချက် စတာတွေကို မိမိအနေနဲ့ လိုသလိုချိန်ညှိထားဖို့အတွက် App ရဲ့ Explore စနစ်ထဲကို ရောက်သွားမှာဖြစ်ပါတယ်။

Explore စနစ်မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက Profile ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ box တစ်ခုပေါ်လာပါမယ်။ အဲဒီထဲက Settings ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

မိမိရဲ့ Google အကောင့်ပရိုဖိုင်စနစ်ပေါ်လာမှာဖြစ်ပြီး Assistant tab ကို နှိပ်လိုက်ပါ။ ပြီးရင်တော့ အောက်ဘက်ကို ဆက်ဆင်းသွားပြီး Assistant Devices ဆိုတဲ့စာသားအောက်ဘက်က Phone ဆိုတာကိုတွေ့ရင် တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင် Phone နဲ့ဆိုင်တဲ့ စနစ်ထဲကိုရောက်သွားမှာဖြစ်ပြီး Ambient Mode” စာသားကိုရှာပါ။ တွေ့ရင်တော့ ဘေးဘက်က မီးခိုးရောင်ခလုတ်ကို အပြာရောင်ဖြစ်လာစေဖို့ တစ်ချက်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Ambient Mode ကို ဖွင့်ထားပြီးပြီဖြစ်တဲ့အတွက် မိမိအနေနဲ့ ဖုန်းကိုအားသွင်းနေတဲ့အခါမျိုးမှာလည်း သီချင်းဖွင့်တာ၊ Gallery က ဓါတ်ပုံတွေကြည့်ရှုရွေးချယ်တာ၊ ဖုန်းရဲ့ Notifications အသိပေးချက်တွေနဲ့ အခြား Google Assistant လုပ်ဆောင်ချက်တွေကို ဖုန်း Lockscreen ကို ဖွင့်စရာမလိုဘဲ စမတ် Display အနေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း