စမတ်အိမ်ကို စီမံခန့်ခွဲပေးနိုင်တဲ့ Ballie စက်ရုပ်ကို Samsung ပြသ

Samsung ရဲ့ CES ထုတ်ကုန်မိတ်ဆက်မှုအတွင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် HS Kim ကနေ အိမ်တစ်လျှောက် အကူအညီပေးနိုင်တဲ့ စက်ရုပ်ကို ပြသခဲ့ပါတယ်။ Ballie စက်ရုပ်ဟာ သုံးစွဲသူ လိုအပ်ချက်ကို နားလည်၊ ထောက်ပံ့ပေးသလို စမတ်အိမ်ကို စီမံပေးနိုင်ပါတယ်။

Ballie စက်ရုပ်ကို ကိုယ်လက်ကြံ့ခိုင်ရေး အထောက်အပံ့အဖြစ်လည်း အသုံးပြုနိုင်ပြီး ပါဝင်ပြီးသား AI ကို အသုံးပြုကာ လိုအပ်ချက်အလိုက် ဘဝနေထိုင်မှုတိုးတက်မယ့်နည်းလမ်းတွေ ရှာဖွေပေးမယ့် မိုဘိုင်း interface ပါဝင်လာပါတယ်။ Ballie ဟာ တိကျတဲ့ အချက်အလက်ကာကွယ်မှုနဲ့ တစ်ကိုယ်ရေလုံခြုံရေး စံချိန်စံညွှန်းတွေကို ကိုင်တွယ်ပေးနိုင်တယ်လို့ Samsung ကပြောခဲ့ပါတယ်။

ဒါ့အပြင် Samsung က Ballie ဗီဒီယိုတစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ Ballie က စမတ်ခန်းဆီးဖွင့်တာ၊ လူတွေ အိမ်မှာ မရှိချိန် အိမ်မွေးခွေးအတွက် တီဗီဖွင့်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် စက်ရုပ် ဖုန်စုပ်စက်ကို ညွှန်ကြားတာလည်း ပြုလုပ်ပေးပါတယ်။ တစ်စုံတစ်ယောက် သတိမေ့ပြီး ပြန်မထနိုင်တဲ့အခါ Ballie ကအကူအညီခေါ်ပေးတာလည်း လုပ်နိုင်တယ်လို့ Samsung ကပြောခဲ့ပါတယ်။

စိုးထက်
Ref: Engadget