စမတ်ဖုန်းဈေးကွက်ကနေ LG နုတ်ထွက်နိုင်

LG ကုမ္ပဏီရဲ့ ဖုန်းထုတ်လုပ်ရေးဌာနကတော့ အခြေအနေမလှ ဖြစ်နေပုံ ရပါတယ်။ LG Electronics စီအီးအို ကွမ်ဘွန်းဆွတ်က စမတ်ဖုန်းဌာနကို အပြောင်းအလဲ ပြုလုပ်တာအပြင် စမတ်ဖုန်းလုပ်ငန်းထဲက ထွက်ဖို့အထိ စဉ်းစားနေတယ်လို့ ဝန်ထမ်းတွေဆီ ဖြန့်ဝေတဲ့ စာထဲမှာ ရေးသားထားတယ် ဆိုတာကို Korea Herald ကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က The Elec ကထုတ်ပြန်ခဲ့တဲ့ သတင်းမှာလည်း LG ဝန်ထမ်းတွေဆီ ဖြန့်ထားတဲ့စာကို ဖော်ပြထားပြီး post ကတော့ ဖျက်လိုက်ပါတယ်။ LG အနေနဲ့ အဲဒီသတင်းတွေ လုံးဝငြင်းဆိုခဲ့တာကြောင့် post ကိုဖျက်လိုက်ရတာ ဖြစ်ပါတယ်။ LG အနေနဲ့ စမတ်ဖုန်းလုပ်ငန်းထဲက ထွက်မယ်ဆိုတဲ့သတင်းက မှားယွင်းပြီး အဲလို ဖော်ပြမှုက သိက္ခာမရှိဘူးလို့ ကုမ္ပဏီက ငြင်းဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ LG ဟာ အခုသတင်းနဲ့ ပတ်သက်ပြီး Korea Herald ဆီမှာ အတည်ပြုခဲ့ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာဈေးကွက်ထဲမှာ မိုဘိုင်းထုတ်ကုန်အကြား ယှဉ်ပြိုင်မှုက ကြမ်းတမ်းလာပါတယ်။ LG အနေနဲ့ ဆုံးဖြတ်ချက် ခပ်အေးအေးချပြီး အကောင်းဆုံး ရွေးချယ်ရမယ့် အချိန်ရောက်ပါပြီ။ ကုမ္ပဏီအနေနဲ့ ဖြစ်နိုင်ခြေကိစ္စတွေအားလုံး စဉ်းစားနေပြီး စမတ်ဖုန်းလုပ်ငန်းရောင်းချတာ၊ ရုပ်သိမ်းတာနဲ့ ချုံ့တာတွေ လုပ်နိုင်ပါတယ်” လို့ LG က Korea Herald ဆီပြောပြခဲ့ပါတယ်။

-စိုးထက်
Ref: ArsTechnica

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««