စမတ်တီဗီလုံခြုံရေးနဲ့ ပတ်သက်ပြီး FBI သတိပေး

စမတ်တီဗီတွေဟာ အင်တာနက်ထောက်ပံ့မှု ပါဝင်တဲ့တီဗီဖြစ်ပါတယ်။ Netflix, Hulu နဲ့အခြား streaming ဝန်ဆောင်မှုတွေ ပေါ်ပေါက်တိုးတက်လာတာနဲ့အမျှ အင်တာနက်ချိတ်ဆက်ထားတဲ့ တီဗီတွေက ရေပန်းစားလာပါတယ်။ အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ထုတ်ကုန်ဖြစ်တာကြောင့် စမတ်တီဗီတွေကလည်း လုံခြုံရေးအားနည်းချက်နဲ့ ဟက်ကာတွေ တိုက်ခိုက်မှုခံရနိုင်ပါတယ်။ စမတ်တီဗီများစွာမှာ ကင်မရာနဲ့ မိုက်ကရိုဖုန်းတွေလည်း ပါဝင်လာပါတယ်။ အင်တာနက်ချိတ်ဆက်ထားတဲ့ ထုတ်ကုန်အများစုလိုပဲ ကုန်ပစ္စည်းထုတ်လုပ်သူတွေက လုံခြုံရေးကို ဦးစားမပေးထားပါဘူး။

ဒါကြောင့် FBI ရဲ့ပို့တ်လန်းပညာရပ်ဆိုင်ရာရုံးက နှစ်တစ်နှစ်ရဲ့အကြီးမားဆုံး ဈေးဝယ်ထွက်ရက် Black Friday မတိုင်မီ ဝက်ဘ်ဆိုက်ပေါ်မှာ စမတ်တီဗီနဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

“စွန့်စားမှုအလွန်မှာ တီဗီထုတ်လုပ်သူနဲ့ app ဖန်တီးသူတွေက သုံးစွဲသူတွေရဲ့ လုပ်ရပ်ကို နားထောင်တာနဲ့ စောင့်ကြည့်မှုတွေ ရှိနိုင်ပါတယ်။ တီဗီတွေက ဟက်ကာတွေ သုံးစွဲသူနေအိမ်ထဲ ဝင်ရောက်ဖို့ ဂိတ်ပေါက်တစ်ခု ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက လုံခြုံအောင် ပြုလုပ်ထားတဲ့ ကွန်ပျူတာထဲ တိုက်ရိုက်မဝင်ရောက်နိုင်ပေမယ့် မလုံခြုံတဲ့တီဗီထဲ ဒါမှမဟုတ် router ကတစ်ဆင့် backdoor အတွင်း အလွယ်တကူ ဝင်ရောက်နိုင်တယ်” လို့ FBI ကဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။

ဟက်ကာတွေက မလုံခြုံတဲ့ စမတ်တီဗီကို ထိန်းချုပ်နိုင်ပြီး အဆိုးဝါးဆုံးအဖြစ် ကင်မရာနဲ့ မိုက်ကရိုဖုန်းကို ထိန်းချုပ်ပြီး စောင့်ကြည့်၊ အသံနားထောင်နိုင်တယ်လို့ FBI ကသတိပေးခဲ့ပါတယ်။

စိုးထက်
Ref: TechCrunch