စပီကာကောင်းမွန်တဲ့ ၁၆ လက်မ MacBook Pro ကို Apple ထုတ်ဖော်မိတ်ဆက်

Apple ဟာ ၁၆ လက်မ MacBook Pro ထုတ်ကုန်အသစ်ကို မိတ်ဆက်ခဲ့ပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဒီတစ်ပတ်နှောင်းပိုင်းမှာ စတိုးတွေကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ ၁၆ လက်မ MacBook Pro ကို ဒေါ်လာ ၂,၃၉၉ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ Apple ရဲ့ မော်ဒယ်ဟောင်း ၁၅ လက်မ MacBook Pro ဈေးနှုန်းအတိုင်း ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ MacBook Pro အသစ်က keyboard ကလည်းအလွန်ကောင်းမွန်ပါတယ်။ Apple ဟာ butterfly mechanism ကိုအသုံးမပြုတော့ဘဲ အားထားရတဲ့ scissor switch တွေကိုပဲ ပြန်လည် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ၁၆ လက်မ MacBook Pro မှာ LCD panel နဲ့ ရုပ်ထွက်အရည်အသွေး 3,072x 1,920 pixels ပါဝင်ပြီး LG Display ထောက်ပံ့ပေးထားပါတယ်။ ၁၅ လက်မ MacBook Pro မှာတော့ 2,880x 1,800 pixels ရှိပါတယ်။

၁၆ လက်မ MacBook Pro မှာ အသံအား အလွန်အားကောင်းတဲ့ စပီကာတွေနဲ့ ဆူညံသံလျှော့ချပေးတဲ့ မိုက်ကရိုဖုန်းတို့ ပါဝင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူ MacBook Pro က မိုက်ကရိုဖုန်းကို အသုံးပြုပြီး စကားပြောဆိုတာနဲ့ FaceTime ခေါ်ဆိုမှုပြုလုပ်တဲ့အခါ နောက်ခံဆူညံသံကိုလျှော့ချပေးမှာ ဖြစ်ပါတယ်။

Apple ဟာ MacBook Pro အတွက် Intel မျိုးဆက် ၉ ခုမြောက် ပရိုဆက်ဆာပါဝင်တဲ့ အခြေခံမော်ဒယ် ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ အဲဒီ မော်ဒယ်တွေကတော့ 6-core Core i7 နဲ့ 8-core Core i9 တို့ဖြစ်ပါတယ်။ မော်ဒယ် တစ်မျိုးစီမှာ 2666MHz DDR4 RAM 16GB နဲ့ storage ကတော့ 512GB ဒါမှမဟုတ် 1TB ပါဝင်လာပါတယ်။ ဒါ့အပြင် RAM နဲ့ storage မြင့်မားတဲ့ မော်ဒယ်တွေကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

သုံးစွဲသူက MacBook Pro အတွက် RAM 64GB နဲ့ storage SSD 8TB မော်ဒယ်ကို ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၆,၀၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 100Wh ဖြစ်ပြီး ၁၁ နာရီအထိ အင်တာနက်အသုံးပြုနိုင်တယ် လို့ Apple ကပြောထားပါတယ်။ Apple MacBook Pro အသစ်မှာ စပီကာ ၆လုံး sound system ပါဝင်လာပါတယ်။ ထုတ်ကုန်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ woofer နှစ်လုံးစီထည့်သွင်းထားပါတယ်။

စိုးထက်
Ref: TheVerge