စဉ့်အိုးဖိုကျောင်းတိုက်မှ ပညာဒါနသင်တန်းများနှင့် ပတ်သက်၍ အတွင်းရေးမှူး ဦးတနိုင်ခနှင့် တွေ့ဆုံခြင်း

နေပြည်တော်ကောင်စီနယ် မြေ၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စဉ့်အိုးဖို ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ကြီးမှူးပြုလုပ်တဲ့ စဉ့်အိုးဖို ကျောင်းတိုက် ပညာဒါန သင်တန်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့အတွင်းရေးမှူး ဦးတနိုင်ခနဲ့ မေးမြန်းခဲ့ပါတယ်။

မြတ်စေတနာရှင် ဘာသာလူမှု အထောက်အကူပြုအဖွဲ့က ပညာရေးအတွက် ငွေကြေးနွမ်းပါးတဲ့ တက္ကသိုလ်ကျောင်းသား/သူတွေကို ထောက်ပံ့တဲ့လုပ်ငန်းအပြင် အခြားလုပ်ငန်းစဉ်တွေအများကြီး ရှိတယ်ဆိုတာကိုတော့ သိထားပါတယ်။ စဉ့်အိုးဖိုကျောင်းတိုက် ပညာဒါနသင်တန်းများကရော ဘယ်လိုပေါ်ပေါက်လာပါသလဲ ခင်ဗျ။

အခြေခံပညာအထက်တန်း ကျောင်းပညာရပ်ဖြစ်တဲ့ နဝမတန်းနဲ့ ဒဿမတန်းကို ဒီကျောင်းမှာ အတွေ့အကြုံရင့် ကျောင်း ဆရာ/ဆရာမများကနေ သင်ကြားပေးခဲ့တာပါ။ ပညာဒါနသင်တန်းက ဘယ်ကစဖြစ်လာလဲဆိုရင် အရင်းခံက စာကြည့်တိုက်ပဲ။ ဆရာတော်ဦးသူရိယက ၂၀၁၅ လောက်မှာ စတင်လှူဒါန်းတည်ထောင်ပြီး ဆွေတော်မျိုးတော်တွေရဲ့ ကောင်းမှုနဲ့ လူငယ်စာကြည့်တိုက် ဖြစ်ပေါ်လာတယ်။ စာကြည့်တိုက် ဖြစ်လာပြီးနောက်ပိုင်းမှာ ကွန်ပျူတာပညာရပ်ပိုင်းနဲ့ လက်တွေ့နယ်ပယ်မှာ လုပ်ကိုင်နေကြတဲ့ လူငယ်လေးဦးနဲ့အတူ ကွန်ပျူတာ အခြေခံဘာသာရပ်တွေ၊ လုပ်ငန်းခွင်ဝင် ကွန်ပျူတာ ဘာသာရပ်တွေ စတင်သင်ကြားရာကနေတစ်ဆင့် စဉ့်အိုးဘိုပညာဒါနကျောင်းမှာ ပညာဒါနကိုတကယ့် စိတ်နှစ်ကိုယ်နှစ်နဲ့ ပညာဒါနလာပေးလိုတဲ့ ဆရာ/ဆရာမတွေ လာရောက်ဆက်သွယ်ပြီး သင်ကြားပေးလို့ ပညာဒါန သင်တန်းပေါင်းစုံ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အတန်းကျောင်း သင်ကြားမှု အနေအထားရော သိပါရစေ။

ပညာဒါန သင်တန်းပေါင်းစုံမှာက အရင်စတင်သင်ကြား တုန်းကတော့ နဝမတန်း၊ ဒဿမတန်းတွေ ပါပါတယ်။ အခုတော့ အတန်းကျောင်းက တက္ကသိုလ်ဝင်တန်းအတွက်ပဲ ရှိတော့တယ်။ ၂၀၁၅ ကနေ စတင်လာတာဟာ နှစ်စဉ်ကျောင်းသား/ကျောင်းသူ (၅၀) ၀န်းကျင်ရှိပေမယ့် အခုပညာသင်နှစ်တော့ ကျောင်းသား/သူတစ်ရာကျော် ရှိလာပါပြီ။ နှစ်စဉ် ဆရာ/ဆရာမများရဲ့ ကြိုးစားအားထုတ် သင်ကြားမှု ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အောင်ချက်တွေကတော့ နှစ်စဉ်ကျေနပ်ရလောက်အောင် ကောင်းမွန်ပါတယ်။

ပညာဒါနသင်တန်းပေါင်းစုံလို့ သုံးနှုန်းသွားတာဆိုတော့ဘာ သင်တန်းတွေ ပို့ချတာလဲ။ ဘယ်လိုအဆင့်အထိ ပေးတာလဲဆိုတာရော သိပါရစေ။ တက်ရောက်ပြီး သင်တန်းသားတွေရဲ့ အနေအထားကိုလည်း ရှင်းပြပေးပါဦး။

သင်ကြားပေးတဲ့ သင်တန်းတွေကတော့ ကွန်ပျူတာ (အခြေခံ/ လုပ်ငန်းခွင် အသုံးချ)၊ အင်္ဂလိပ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်ဘာသာစကား သင်တန်းတွေ၊ သက်မွေးပညာရပ်နဲ့ ပတ်သက်ပြီး ဓာတ်ပုံပညာ ရပ်ဆိုင်ရာသင်တန်း၊ စက်ချုပ်၊ မိတ်ကပ်၊ ပန်းထိုးစတဲ့ ဘာသာရပ်တွေကို သင်ပေးတာပါ။ လာရောက်သင်ကြားပေးတဲ့ သက်ဆိုင်ရာ ပညာဒါန သင်တန်း ဆရာ/ဆရာမတွေဆိုတာလည်း အပျော်တမ်းအဆင့်တွေ ပြင်ပအလုပ်တွေ လုပ်ကြသူတွေ မဟုတ်ပါဘူး။ အပြင်မှာ သူတို့သင်ကြားပေးကြတဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ လုပ်ကိုင်နေကြတဲ့ နာမည် ရဆရာ/ဆရာမတွေ ဖြစ်ပါတယ်။ ဒီတော့ တကယ်စိတ်ပါ လက်ပါနဲ့ လာသင်မယ်ဆိုရင် သက်မွေးပညာရပ်၊ သက်မွေးထောက်ကူ ပညာရပ်အဆင့်အထိ ရယူနိုင်ပါတယ်။ လာသင်တဲ့ သင်တန်းသား/သူအပေါ်မှာ ပိုမူတည်ပါတယ်။ တချို့ သင်တန်းသားတွေဆိုရင် နယ်ဝေးကတောင် ဒီကိုတကူးတက လာတတ်ကြပါတယ်။

သင်တန်းကြေးရယူတဲ့ အနေအထားရောရှိပါသလား။

သင်ကြားပေးတာက သင်တန်းတွေ အားလုံးက ပညာဒါန သင်တန်းဖြစ်တဲ့အတွက် သင်တန်းကြေးဆိုပြီး ကောက်ယူတာလုံးဝ မရှိပါဘူး။ ဒါပေမဲ့တစ်ချို့သော သင်တန်းတွေကြတော့ စာအုပ် စာတမ်းတွေ့ သင်ထောက်ကူ ပစ္စည်းတွေ (ဥပမာ မိတ်ကပ် ပစ္စည်း၊ ပိတ်စ၊ ပန်း)လိုတာရှိမယ်။ အဲ့ဒါတွေ၀ယ်ရမှာရှိတယ်။ သက်ဆိုင်ရာဆရာ/ဆရာမတွေဆီက လိုအပ်ချက်အရ ၀ယ်ချင်ဝယ်၊ မဝယ်ချင်နေဆိုတဲ့ အနေအထားလေးတွေ ရှိတယ်။ အပြင်မှာတတ်တဲ့ သင်တန်းရလဒ် မျိုးရစေရမယ်။ ဒါပေမဲ့ အဲ့ဒီအဖိုးအခက ရှိခဲ့ရင်တောင်မှ အပြင်သင်တန်းကြေးတွေရဲ့ အပုံနှစ်ဆယ်/အပုံသုံးဆယ် တစ်ပုံဖိုးမရှိပါဘူး။ သင်တန်းအများစုကတော့ သင်တန်းကြေး စာရွက်စာတန်းကြေး မရှိသလောက်ပါ။

ဒါဆိုရင် ပညာဒါနသင်တန်းပေါင်းစုံရဲ့ အဓိကရည်ရွယ်ချက်ကလေး သိပါရစေ။

အဓိကရည်ရွယ်ချက်ကတော့ ပညာသင်စရိတ် အခက်အခဲရှိနေသူတွေ၊ သက်မွေးပညာအတွက် ခက်ခဲနေသူတွေကိုလည်း ပြေလည်စေ၊ ဆရာ/ဆရာမတွေလည်း ပညာဒါနရရှိစေပေါ့ဗျာ။ သင်တန်း လာတက်ရင်လည်း ဒေသ/လူမျိုး/ ဘာသာ/ အဆင့်အတန်း မခွဲခြားဘဲ လာရောက်သင်ကြားနိုင်စေဖို့ပါ။ ဒီမှာကတစ်ချို့သော ပညာရပ်ဆိုင်ရာ သင်တန်းတွေက မြို့ကြီးမှာတွေလို ပိုက်ဆံရှိလဲ သင်တန်းမရှိလို့ မတက်နိုင်တဲ့ သင်တန်းတွေလည်းရှိလို့ပါ။ လာသင်ပေးတာက ဒေသခံဆရာ/ဆရာမတွေအပြင် တခြားမြို့ကြီးကနေ လာသင်ပေးကြတဲ့ ဆရာ/ဆရာမတွေလည်း ပါ၀င်ပါတယ်။

ဟုတ်ကဲ့။ ဒါဆိုရင် သင်တန်းအလိုက် သင်တန်းဆင်းပြီးသွားတဲ့ သင်တန်းသားတွေ အရေအတွက်နဲ့ အနေအထားလေးတွေလည်း သိပါရစေ။

ပထမပြောရမှာက ကွန်ပျူတာ သင်တန်းပေါ့။ သင်တန်းဆရာ/ဆရာမ အရေအတွက် ကလည်း (၄) ဦးရှိသလို သင်တန်းခန်းမကလည်း တစ်ဆက်ရှင်ကို (၁၂) ယောက် သင်ပေးနိုင်တဲ့ ခန်းမဖြစ်ပါတယ်။ အဲ့ဒီသင်တန်းက နွေရာသီကျောင်းပိတ်ရက်ဆိုရင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူ၊ အထက်တန်းအဆင့် ကျောင်းသား/သူတွေကို သင်တန်းခန်းမလဲမနား၊  ကွန်ပျူတာလည်း မနားနဲ့ သင်ပေးတာဆိုတော့ အပတ်စဉ်နဲ့ ပြောမယ်ဆိုရင်ကို အပတ်စဉ် (၆၀) အထက်မှာ ရှိတယ်။ အဲ့ဒါကတော့ အခြေခံကွန်ပျူတာပေါ့။ လုပ်ငန်းခွင် အသုံးချကွန်ပျူတာကြတော့ ပုံမှန် ရုံံးပိတ်ရက် စနေ၊ တနင်္ဂနွေတိုင်း သင်ကြားပေးတာဖြစ်ပါတယ်။ အဓိကက အဲ့ဒီအပိုင်းကျတော့ ၀န်ထမ်းအများစုအတွက်ပေါ့။ စုစုပေါင်းဆိုရင် အပတ်စဉ် (၈၀) ကျော်မှာရှိပါတယ်။

ဓာတ်ပုံပညာ ရပ်ဆိုင်ရာကတော့ အပတ်စဉ်တစ်ခုတိုင်းမှာ (၁၂) ယောက် အနည်းဆုံးနဲ့အပတ်စဉ် (၉) အထိရောက် သွားပါပြီ။ သင်တန်းတွင်း/ သင်တန်းပြင်ပ indoor, Outdoor ရိုက်ကူးခြင်း၊ တောင်ကြီးက စွယ်တော်ရိပ် ဆရာဦးကျော်ကျော်ဝင်းကနေ ဓာတ်ပုံပညာရပ်ဆိုင်ရာလာရောက်ဟောပြောခြင်း စတာတွေလည်း ရှိပါတယ်။ ဂျပန်ဘာသာရပ် ကျွမ်းကျင်မှု ကတော့ သင်တန်းအပတ်စဉ် တစ်ခုကို သင်တန်းသား (၁၅) ယောက်နှုန်းနဲ့ အပတ်စဉ် (၇)ခု၊ ကိုးရီးယား၊ တရုတ် စကားပြော သင်တန်း၊ စက်ချူပ်ကအပတ်စဉ် (၅)ခု၊ မိတ်ကပ် ဆံထုံးလက်သည်း အလှပြင်ကအပတ်စဉ် (၄) ခု၊ ပန်းထိုးပညာရပ်က (၃၅)ခု စတာတွေ ရှိပါတယ်။ သင်တန်းသားတွေ အနေအထားနဲ့လည်း စာစီစာရိုက် မိတ္တူဆိုင်ဖွင့်တဲ့ အနေအထား၊ ဓာတ်ပုံဆိုင်ဖွင့်တဲ့ အနေအထားနဲ့ သူ့သက်ဆိုင်ရာ နယ်ပယ်
တွေမှာ လုပ်ကိုင်နေကြတဲ့ အနေအထားတွေလည်း ရှိနေပါတယ်။

စဉ့်အိုးဖိုကျောင်းတိုက် ပညာဒါနသင်တန်းများနဲ့ ပတ်သက်ပြီး ဘာတွေများထပ်ပြောချင်ပါသေးလဲခင်ဗျ။

အဓိကကတော့ ပရဟိတ ဦးဆောင်ဆရာတော် အရှင်သူရိယပေါ့။ ဆရာတော်က ကျောင်းဆရာဟောင်းဆိုတော့ ပညာရေးတို့၊ သက်မွေးပညာရပ်တို့ကို ဦးစားပေးတယ်။ အဲ့ဒီဆရာတော်ရဲ့ လမ်းညွှန်သြဝါဒ အောက်ကနေလုပ်နေတာပါ။ သင်ယူလိုသူနဲ့ သင်ကြားပေးလို သူကြားထဲမှာ ပေါင်းကူးသဖွယ် လုပ်ပေးနေတာပါ။ ဆရာတော်ရဲ့ ကျေးဇူးက မနည်းပါဘူး။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း၊ ကွန်ပျူတာ ခန်းမအတွက် အစစအရာရာ လိုလေသေးမရှိ လှူဒါန်းပေးနေတဲ့ ဒေါ်ရီရီဝင်း (ဆရာတော် အရှင်သူရိယရဲ့ အမ)၊ ဓာတ်ပုံသင်တန်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေ လိုလေသေးမရှိ လှူဒါန်းပေးနေတဲ့ ဦးတင်စိုး (ဆရာတော်ရဲ့ညီ)+ ဒေါ်နှင်းနွယ်စိုးတို့က ၀ိုင်းဝန်းပံ့ပိုးလို့ ဖြစ်လာတာပါ။ ပြီးတော့ အဓိကကျတဲ့ သက်ဆိုင်ရာဘာသာရပ် အသီးသီးက ဆရာ/ဆရာမတွေ၊ သင်တန်းနည်းပြဆရာ/ဆရာမတွေ၊ ပညာဒါန သင်တန်း ပရဟိတ လုပ်ငန်းအတွက် စီစဉ်ပေးကြတဲ့ ကော်မတီဝင်တွေ အားလုံးရဲ့ ကျေးဇူးတွေကလည်း မေ့လို့မရပါဘူး။ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။