စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသား ၃၀၆၀ ဦးကို သင်တန်းများပို့ချပေးနိုင်ခဲ့

စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း အနေနဲ့ အခြေခံပညာပြီးမြောက်အောင်မြင်တဲ့ လူငယ် (၃၀၆၀) ဦးကို စက်မှုအင်ဂျင်နီယာပညာနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပညာများကို (၆) လတာ သင်တန်းများပို့ချနိုင်ခဲ့ကြောင်း စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

၆၀ ရာခိုင်နှုန်းသော သင်တန်းဆင်းတွေဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာ အလုပ်ရရှိကြပြီး အချို့ဟာ နိုင်ငံတကာထိပ်တန်းကုမ္ပဏီတွေနဲ့ ဟိုတယ်တွေမှာ ဦးဆောင်စီမံခန့်ခွဲသူရာထူးနေရာတွေကို ရရှိလျက်ရှိကြောင်း၊ အနာဂတ်မှာ နှစ်နိုင်ငံအစိုးရများရဲ့ ပံ့ပိုးမှုနဲ့ သင်တန်းဆင်းအားလုံး အလုပ်အကိုင်ရရှိရန် မျှော်လင့်ကြောင်း၊ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းမှာ စက်ရုံများ၊ ဟိုတယ်များနဲ့ နားလည်မှုစာချွန်လွှာ(၁၈) ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက် (၂)ခု လက်မှတ်ရေးထိုးထားတယ်လို့သိရှိရကြောင်း၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းသည် သင်တန်းသားများ အလုပ်အကိုင်ရရှိရေးအတွက်သာမက ပညာရပ်ကို စိတ်ဝင်စားလာစေရန်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ ပူးပေါင်းလျက် စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI)၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE), နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆရာအတတ်သင်ကျောင်း (TTTI)၊ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်း ကျောင်း (JMASVTI)၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း (NVTI) တို့မှာ နည်းပညာနှင့် သက်မွေးပညာသင်တန်းတွေကို ဖွင့်လှစ်လျက်ရှိတယ်လို့ သိရပါတယ်။

-သန္တာ