စင်ကာပူနိုင်ငံတွင် Telenor အင်တာနက်အသုံးပြုပါက 1MB ကို ၁၅ ကျပ်သာကျသင့်မည့် အစီအစဉ် ပြုလုပ်

စင်ကာပူနိုင်ငံကို သွားရောက်လည်ပတ်လို့ အင်တာနက်အသုံးပြုခဲ့မယ်ဆိုရင် 1MB ကို ၁၅ ကျပ်သာကျ သင့်မယ့်အစီအစဉ်တစ်ခုကို Telenor Myanmar ကပြုလုပ်လိုက်ပါတယ်။

အဲဒီအစီအစဉ်ကို စက်တင်ဘာလ ၂၉ ရက်ကနေစပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ အသုံးပြုတဲ့အတွက် အပိုနှုန်းထားပေးချေစရာ မလိုဘူးလို့ဆိုပါတယ်။ “စင်ကာပူနိုင်ငံကို သွားရောက်လည်ပတ် သူတွေအနေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံဖို့အပြင် စီးပွားရေးကိစ္စတွေ လုပ်ဆောင်ဖို့အတွက်လည်း သွားရောက်ကြတယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ အခု စင်ကာပူနိုင်ငံ ကိုရောက်ရှိတဲ့အခါမှာ တယ်လီနော ဆင်းမ်ကတ်တွေကို ဖွင့်ထားရုံနဲ့ 4G အင်တာနက်ကို စတင်အသုံးပြုနိုင်ပါပြီ” လို့ Telenor Myanmar ရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောပါတယ်။

အခုပြောင်းလဲလိုက်တဲ့ နှုန်းထားဟာ အရင်နှုန်းထားဖြစ်တဲ့ 1MB ကို ၁၅၀၀ ကျပ်နဲ့နှိုင်း ယှဉ်ရင် ၉၉ ရာခိုင်နှုန်းအထိ သက်သာတယ်လို့ ဆိုပါတယ်။ စင်ကာပူ ခရီးသွားလာရေး ဘုတ်အဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ စင်ကာနိုင်ငံကို မြန်မာ နိုင်ငံကနေ နှစ်စဉ်လာ ရောက်လည်ပတ်သူ စုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ စင်ကာ ပူနိုင်ငံကို သွားရောက်လည်ပတ်လိုတဲ့အခါ ဗီဇာကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ပါတယ်။

-ထွန်းထွန်း