စက်သုံးဆီဆိုင်အချို့တွင် MPU ကတ် ဖြင့်ငွေပေးချေနိုင်

စက်သုံးဆီဆိုင်အချို့မှာ Myanmar Payment Union (MPU) ကတ်နဲ့ ငွေပေးချေနိုင်တယ်လို့ သိရပါတယ်။

Max Energy နဲ့ MMTM စက်သုံးဆီဆိုင်တွေမှာ MPU ကတ်အသုံးပြုပြီး ငွေပေးချေနိုင်ပြီလို့ သိရပါတယ်။ ဒါ့အပြင် ကားလက်မှတ်အတွက် ငွေပေးချေတာ၊ ဟိုတယ်တည်းခိုခ ပေးချေတာတွေအတွက် လည်း MPU ကတ်အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ MPU ရဲ့အဖွဲ့ဝင် ဘဏ်တွေကနေ ထုတ်ဝေထားတဲ့ MPU Logo ပါတဲ့ ကတ်တွေ MPU-UPI Co-Brand Card တွေ၊ MPU-JCB Co-Brand Card တွေနဲ့ MPU နဲ့ ချိတ်ဆက်ထားတဲ့ဆိုင်တွေ၊ MPU Logo နဲ့ MPU Stand ထားရှိထားတဲ့ ဆိုင်တွေမှာ ဈေးဝယ်ပေးချေနိုင်မှာ ဖြစ်ပါတယ်။

MPU ကတ်တွေကို ဆိုင်တွေရဲ့ POS( Point of sale) မှတစ်ဆင့် ပေးချေနိုင်တာဖြစ်ပြီး ချိတ်ဆက်ထားသော ဘဏ်တွေရဲ့ ကွန်ရက်အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

MPU (Myanmar Pay Union) ကွန်ရက်မှာ ဘဏ်ပေါင်း ၂၀ ကျော်ပါဝင်ပြီး လက်ရှိအချိန်မှာ အသုံးပြုသူ နှစ်သန်းကျော်ရှိပြီ ဖြစ်ပါတယ်။

-ထွန်းထွန်း