ငါးမွေးမြူသူများအတွက် ရွှေငါး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို စတင်မိတ်ဆက်

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ငါးမွေးမြူရေး လုပ်ကိုင်သူများအတွက် အသစ်ရေးဆွဲထားသော ရွှေငါး မိုဘိုင်းဖုန်း အက်ပလီကေးရှင်းကို အွန်လိုင်းဆွေးနွေးပွဲမှတစ်ဆင့် မိတ်ဆက်လိုက်ပါတယ်။

ရွှေငါးအက်ပလီကေးရှင်းတွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့မိသားစုတွေ အတွက် ငါးများသိုလှောင်နည်း၊ အချိုးကျ အစာရောစပ်ပုံနှင့်အစာကျွေးနည်း၊ ငါးကျန်းမာရေးတို့နှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ၊ ငါးမွေးမြူရေးနည်းပညာများ အပြင် အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများဆိုင်ရာ သတင်းအချက်အလက်များကို ရရှိနိုင်မှာဖြစ်ပြီးမြန်မာနိုင်ငံတွင် ငါးမွေးမြူရေးအခြေပြု အစားအစာစနစ် အားကောင်းလာစေရန် ငါးမွေးမြူသူများအား သွင်းအားစုထောက်ပံ့သူများ၊ ကုန်သည်များ၊ အခြားသူများနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

“စိုက်ပျိုးရေးအတွက် ဆန်းသစ်တီထွင်နည်းပညာတွေကို ပေါင်းစပ်လိုက်ခြင်းဟာ အမျိုးသမီးတွေ၊ လူငယ်တွေ၊ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးအတွက် လက်လှမ်းမီနိုင်တဲ့ စီးပွားရေးတိုးတက်မှုဖြစ်ပေါ်လာဖို့ မိမိတို့ကူညီပေးနေတဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ လုပ်ကွက်ငယ်ငါးမွေးမြူသူတွေကို အထွက်နှုန်းကောင်းလာဖို့နဲ့ ဒေသတွင်းစျေးကွက်တွေကို ပိုမိုလက်လှမ်းမီဖို့ ကူညီပေးပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ရပ်ရွာအသိုင်းအဝိုင်းတွေကို ပိုမိုခိုင်မာတဲ့ ငါးမွေးမြူရေးတန်ဖိုးကွင်းဆက်ထဲသို့ ဆက်စပ်ချိတ်ဆက်ပေးရေးကို စီမံကိန်းက အလေးပေးပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ USAID ဌာနေညွှန်ကြားရေးမှူး မစ္စအလဲဂရပ်ဘ်စ်က ပြောကြားခဲ့ပါတယ်။

ရွှေငါး အက်ပလီကေးရှင်းကို USAID က ငွေကြေးထောက်ပံ့ထားပြီး WorldFish က အကောင်အထည်ဖော်လျက်ရှိတဲ့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ ဖန်တီးရေးဆွဲထားခြင်း ဖြစ်ပြီး ဝင်ငွေတိုးငါးမွေးမြူရေး စီမံကိန်းမှာ မြန်မာနိုင်ငံတွင် အထူးသဖြင့် ထိခိုက်လွယ်သော အိမ်ထောင်စုများမှ အမျိုးသမီးတွေနဲ့ ကလေးသူငယ်များ အတွက် ငါးထုတ်လုပ်မှု၊ လုပ်သားများရဲ့ ထုတ်လုပ်နိုင်စွမ်းအား၊ အစားအစာရရှိနိုင်မှုနဲ့ ငါးစားသုံးမှုများ တိုးမြင့်လာအောင် ဆောင်ရွက်ပေးနေသော စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««