ဂျပန်ယန်း ၉၉၅ သန်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် အာဟာရဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် အထောက်အပံ့များပေးအပ်

ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူတွေနဲ့ ပတ်ဝန်းကျင် ကျေးရွာလူထုများ အတွက် ကျန်းမာရေး၊ ရေ၊ တစ်ကိုယ်ရေ၊ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH)၊ ပညာရေးဆိုင်ရာအထောက် အပံ့စီမံကိန်းနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာလူထုများ အတွက် အာဟာရဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စီမံကိန်းတို့အတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အထောက်အပံ့ပေးအပ်ရေးစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

စုစုပေါင်း ဂျပန်ယန်း ၉၉၅ သန်း (အမေရိကန်ဒေါ်လာ ၉.၄ သန်းခန့်) တန်ဖိုးရှိတဲ့ အထောက်အပံ့ စီမံကိန်းများအတွက် စာချွန်လွှာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုမှ ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Ms. Alessandra Dentice နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Marcus Prior တို့က ဒီဇင်ဘာ ၂၂ ရက်က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

အဆိုပါစီမံကိန်းမှာ UNICEF နဲ့ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်၊ ကချင်၊ ရှမ်းမြောက်ပိုင်းတို့မှာ ပဋိပက္ခ များကြောင့် ဖြစ်ပွားတဲ့ ထိတ်လန့်မှုနှင့်စိတ်ဖိစီးမှုများ၊ ရာသီဥတုအပြောင်းအလဲနှင့် ရှုပ်ထွေးသောအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့်စွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် ဒဏ်ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေ အနေနဲ့ အထူးသဖြင့် ပဋိပက္ခဒဏ်ခံစားရပြီး ချို့ငဲ့ သော ကလေးများအတွက် လုံခြုံစိတ်ချရပြီး သင့်တင့်ကောင်းမွန်ကာ အကာကွယ်‌ပေးထားသော ပညာသင်ကြားရေးပတ်ဝန်းကျင်များတွင် အားလုံးအကျုံးဝင်ပြီး အရည်အသွေးပြည့်မီသော ပညာရေးပံ့ပိုးပေးရန်နှင့် လူငယ်များပါဝင်မှုကို မြှင့်တင်ရန် ဖြစ်ပါတယ်။

စီမံကိန်းအရ ကယ်ဆယ်‌ရေးအထောက်အပံ့များမှ တစ်ဆင့် လူဦးရေ ၁၃၈,၈၀၀ ပါဝင်သော အကျိုးခံ စားခွင့်ရှိသူများ၊ အာဟာရဖြည့်တင်းခြင်းဆိုင်ရာ အထောက်အပံ့များမှ တစ်ဆင့် ကိုယ်ဝန် ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်နဲ့ အသက် ၅ နှစ်အောက်ကလေးငယ် ၃၁,၀၅၀ ဦး၊ အရင်း အနှီးရင်းမြစ်ဖော်ဆောင်မှုစီမံချက်မှ တစ်ဆင့် လူဦးရေ ၂၀,၀၀၀၊ စားနပ်ရိက္ခာအထောက်အပံ့ မှတစ်ဆင့် HIV/TB လူနာ ၁,၄၀၀ နဲ့ ကျောင်းတွင်းအစားအစာကျွေးခြင်းအစီအစဉ် မှတစ်ဆင့် မူလတန်းကျောင်းမှ ကလေးသူငယ် ၁၉၇,၀၀၀ ဦးတို့အား အထောက်အပံ့များ ပေးအပ်ရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအစိုးရအနေနဲ့ ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များ အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက် ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်ပြီး ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««