ဂျပန်စကားပြောပြိုင်ပွဲကို အွန်လိုင်းမှ ကျင်းပမည်

(၂၁) ကြိမ်မြောက်ကျင်းပမယ့် ဂျပန်စကားပြောပြိုင်ပွဲကို အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲအတွက် လျှောက်ထားချိန်ကာလကိုလည်း စက်တင်ဘာ ၂၅ ရက်အထိ တိုးမြှင့်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် – ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့နဲ့ ပူးပေါင်းပြီး (၂၁) ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ပဏာမ စစ်ဆေးရွေးချယ်ခြင်း၊ ပြိုင်ပွဲကျင်းပခြင်းတွေကို အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆုရရှိသူတွေကို တန်ဖိုးကြီးလက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပြီး ထူးချွန်ဆုရရှိသူဟာ အာဆီယံနိုင်ငံများမှ ဆုရရှိသူတွေအားလုံး ဂျပန်နိုင်ငံမှာ စုဝေးမယ့်ပွဲကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

ပဏာမစစ်ဆေးရွေးချယ်ခြင်းကို အောက်တိုဘာ ၁၀ ရက်မှာ လည်းကောင်း၊ ပြိုင်ပွဲကျင်းပခြင်းကို အောက်တိုဘာ ၁၇ ရက်မှာ လည်းကောင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ Zoom Application ကိုအသုံးပြုမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ရမယ့် အချိန်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို  နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««