ဂိမ်းပြပွဲမှာ Sony ပါဝင်ပြသမည် မဟုတ်

Sony ဟာ E3 ပြပွဲမှာ ပူးပေါင်းပါဝင်မှာ မဟုတ်ပါဘူး။ Sony ဟာ ၂၀၂၀ အားလပ်ရက်ရာသီအတွင်း PlayStation 5 ဂိမ်းစက်သစ်ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

E3 ကလည်း PlayStation 5 ဂိမ်းစက်မရောင်းချခင် လအနည်းငယ် အလိုမှာ ကျင်းပမှာဖြစ်ပါတယ်။ Sony အနေနဲ့ ကမ္ဘာ့အကြီးဆုံး ဂိမ်းပြပွဲထဲက တစ်ခုဖြစ်တဲ့ E3 မှာ ဝင်ရောက် မပြသတာ ၂ နှစ်ဆက်တိုက်ရှိပါပြီ။ E3 ကို နှစ်စဉ် ဇွန်လရောက်တိုင်း လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် E3 ပွဲမှာ Microsoft နဲ့ Sony ကတော့ အသစ်ထွက်ရှိမယ့် software နဲ့ hardware ကိုထုတ်ဖော်ပြသခဲ့ကြပါတယ်။

Sony အနေနဲ့ ကိုယ်ပိုင် PS5 ဂိမ်းအတွက် ကိုယ်ပိုင်ပွဲ လုပ်၊ မလုပ်ဆိုတာ မသိသေးပါဘူး။ Microsoft ကတော့ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဂိမ်းဆုပေးပွဲအတွင်း အသစ်ထွက်ရှိမယ့် Xbox Series X ကိုထုတ်ဖော်ပြသခဲ့ကာ E3 ပွဲမှာ အချက်အလက်တွေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Sony ဟာ PS5 ကို ဒီနှစ် အားလပ်ရက်ရာသီအတွင်း ရောင်းချပါမယ်။ CES 2020 မှာ PS5 လိုဂိုကို ထုတ်ဖော်မိတ်ဆက်ထားပါတယ်။ အခု ဂိမ်းစက်မှာ PS4 ဂိမ်းတွေ ကစားနိုင်ပြီး solid state drive ပါဝင်ကာ 8K ရုပ်ထွက်အရည်အသွေးနဲ့ ray tracing တို့ပါဝင်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge