ချိတ်ဆက်နှင့် KBZPay တို့ KBZPay Integration အတွက် ပူးပေါင်းဆောင်ရွက်

ချိတ်ဆက် Freelancing Platform နဲ့ KBZPay တို့အနေနဲ့ KBZPay Integration ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

နားလည်မှုစာချွန်လွှာမှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ဒီဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှုများ ဆောင်ရွက်ရာမှာ ဒီဂျစ်တယ် ငွေကြေးပေးချေမှုစနစ်ကို ပိုမို အသုံးပြုလာနိုင်ရန်အတွက် KBZPay ရဲ့ လိုအပ်တဲ့ နည်းပညာဆိုင်ရာ ထောက်ပံ့မှုတွေကို လွယ်ကူစွာ ရရှိနိုင်ရန်နဲ့ Freelance Developer တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမို ရရှိလာစေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

ပူးပေါင်းဆောင်ရွက်မှုကို အောက်တိုဘာ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ‘ချိတ်ဆက်’မှာ မှတ်ပုံတင်ထားတဲ့ အလွတ်တန်းပညာရှင် Developer တွေကို KBZPay Integration နဲ့သက်ဆိုင်တဲ့ သင်တန်းတွေကို KBZPay ဘက်မှ မျှဝေပေးသွားမှာဖြစ်ပြီး သင်တန်းများ တက်ရောက်ပြီးဆုံး၍ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့ပြုလုပ်ချက်နဲ့ စစ်ဆေးချက်များ အောင်မြင်ပါက KBZPay Integration Certified Developer အဖြစ် လက်မှတ်ရရှိမယ်လို့ သိရပါတယ်။

သင်တန်းဆင်းလက်မှတ် ရရှိပြီးသူတွေကို ‘ချိတ်ဆက်’ Freelancing Platform ဝက်ဘ်ဆိုက်မှာ ထင်ရှားတဲ့ အမှတ်အသား ပြုလုပ်ပေးထားပြီး Certificate ကို ပြသထားနိုင်မှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များ လာရောက်ရှာဖွေတဲ့အခါ အလွယ်တကူ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

“အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာလည်း အွန်လိုင်းငွေပေးချေမှု နည်းလမ်းတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ပိုမို အသုံးပြုလာတာကြောင့် အလွတ်တန်းပညာရှင် developer များကိုလည်း KBZPay နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Payment Integration နည်းပညာတွေကို ယခု ပူးပေါင်းဆောင်ရွက်မှု ကနေ မျှဝေပေးသွားမှာပါ” လို့ ‘ချိတ်ဆက်’ Freelancing Platform ရဲ့ Chief Executive Officer ဒေါ်ဟန်နီမြဝင်းက ပြောပါတယ်။

“KBZPay အနေနဲ့ developer တွေကို KBZPay payment နည်းပညာပလက်ဖောင်းအတွက် လိုအပ်တဲ့ နည်းပညာတွေကို ‘ချိတ်ဆက်’နဲ့ ပူးပေါင်းပြီး မျှဝေပေးနိုင်တဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်” လို့ KBZPay ရဲ့ Head of Product and Service Development ဦးဇေယျာဝေဖြိုးက ပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««