
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ British Council (Myanmar) နဲ့ Swiss Agency for Development and Cooperation, Embassy of Switzerland တို့ ပူးပေါင်းအကောင်အထည်ဖော်တဲ့ “လက်ခတ်သံ” စီမံချက်ရဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာကျောင်းဆင်းလက်ရာပြပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြပွဲကို ဇန်နဝါရီ ၂၅ ရက် နဲ့ ၂၆ ရက်တွေမှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ သိမ်ဖြူလမ်း၊ အလယ်ဘလောက်ရှိ ဝန်ကြီးများရုံးမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းဆင်းလက်ရာပြပွဲမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဖန်တီးမှုလက်ရာများနဲ့ ၎င်းတို့ရဲ့ ကြိုးစားအားထုတ်မှုများ၊ အထည်ဒီဇိုင်းတီထွင်ဖန်တီးမှုများ ဖြစ်ပေါ်လာစေမယ့် စိတ်ကူးဉာဏ်ကွန့်မြူးမှုများ အစရှိတဲ့ မှတ်တမ်းတွေကို လေ့လာကြည့်ရှုခွင့်ရမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများနဲ့ ၎င်းတို့ရဲ့ လက်ရာဒီဇိုင်းတွေအကြောင်းကို ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ဦးဆောင်ကျင်းပခဲ့တဲ့ ရက်ကန်းထည်ပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိင်ခဲ့ကြတဲ့ ရက်ကန်းကျောင်းများနဲ့ ရက်ကန်းပညာရှင်များရဲ့ လက်ရာအချို့ကိုလည်း မိတ်ဆက်တင်ပြသွားမှာဖြစ်ပါတယ်။
-သန္တာ