ခေါက်လို့ရတဲ့ iPhone တွေကို Apple စမ်းသပ်နေ

၂၀၂၁ ခုနှစ်ရောက်ပြီး တစ်ပတ်မကြာသေးခင်မှာ iPhone ခေါက်စမတ်ဖုန်း ကောလာဟလတွေ ထွက်လာပါတယ်။ Economic Daily News ဖော်ပြချက်အရ Apple ဟာ ခေါက်လို့ရတဲ့ iPhone ရှေ့ပြေးထုတ်ကုန် ၂ ခုကို စမ်းသပ်နေတယ်လို့ ပြောခဲ့ပါတယ်။

Economic Daily News ဟာ iPhone SE ထွက်ရှိမယ့်အကြောင်းကို တစ်နှစ်ကြိုပြီး မှန်ကန်စွာ ခန့်မှန်းခဲ့ဖူးပါတယ်။
Apple ခေါက်စမတ်ဖုန်းတွေဟာ ကောလာဟလသတင်းနဲ့ မူပိုင်ခွင့်တွေကတစ်ဆင့် ထွက်ခဲ့ပါတယ်။ Economic Daily News ဖော်ပြချက်အရ Apple ဟာ ခေါက်လို့ရတဲ့ iPhone မော်ဒယ် ၂ မျိုးထဲက တစ်မျိုးကိုပဲ ဈေးကွက်ထဲ ရောင်းချမယ်လို့ သိရပါတယ်။ ထုတ်ကုန်တစ်မျိုးမှာ dual-screen ဒီဇိုင်း အသုံးပြုထားပြီး မျက်နှာပြင် တစ်ခုတည်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Samsung Galax Z Flip လိုမျိုး ထောင့်မှန်ကျကျ ထုတ်ကုန်မျိုး ဖြစ်လာနိုင်ပါတယ်။

Apple ဟာ iPhone ခေါက်စမတ်ဖုန်း ၂ မျိုးအတွက် အကြမ်းခံမယ့် ပတ္တာအထူအပါးကို ရှန်းဇန့်က Foxconn စက်ရုံမှာ စမ်းသပ်နေပါတယ်။ ပတ္တာဟာ ခေါက်စမတ်ဖုန်းတွေအတွက် အခက်အခဲ တစ်ခုဖြစ်ပါတယ်။ Samsung ဟာ ပတ္တာပြသနာတွေကြောင့် မူရင်း Galaxy Fold ထုတ်လုပ်မှုကို ရွှေ့ဆိုင်းခဲ့ရပြီး Motorola ရဲ့ Razr ဖုန်းကလည်း မှန်းချက်နဲ့ မကိုက်ခဲ့ပါဘူး။

-စိုးထက်
Ref: MacWorld

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««