ခေတ်မီနည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့် အလုပ်အကိုင်အများစု မကြာမီကာလတွင် ပျောက်ကွယ်သွားမည်

ခေတ်မီနည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့် အလုပ်အကိုင်အများစုမှာ မကြာမီကာလမှာ ပျောက်ကွယ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ဆရာသမဂ္ဂများ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ ညှိနှိုင်းဆွးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ခေတ်မီနည်းပညာများကို ဆန်းသစ်တီထွင်ဖန်တီးမှုကြောင့် အလုပ်အကိုင်အများစုမှာ မကြာမီကာလတွင် ပျောက်ကွယ်သွားမည် ဖြစ်ပြီး အရည်အသွေးရှိသည့် ပညာရေးတစ်ခုတည်းကသာ လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှု ရရှိစေရန်၊ မညီမျှမှုများလျှော့ချရန်၊ အနာဂတ် သုခချမ်းသာပြည့်ဝစေရန် အာမခံပေးနိုင်မည်ဖြစ်ကြာင်း၊ ထို့ကြောင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ၂၁ ရာစုကို စိန်ခေါ်နိုင်သော အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စုပေါင်းအင်အားဖြင့် ဖော်ဆောင်ရန် အရေးကြီးကြောင်း၊အဆင့်မြင့်ပညာအကြံပေးပညာရှင် ဒေါက်တာဂျမေးဆာမီ၏ ဟောပြောပို့ချချက် တစ်ခုတွင် ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်သည့်အခါ စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်းများကို ဖော်ပြရာ၌ ဆန်းသစ်တီထွင်မှုအတွက် ပညာရေးတွင် TVET နှင့် တက္ကသိုလ်ပညာရေး ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ထားရှိရန်၊

ကျွမ်းကျင်မှုနှင့် ပရော်ဖက်ရှင်နယ်အတွက် စီစဉ်ဆောင်ရွက်ရန်၊ တန်ဖိုးထားမှုနှင့် ကမ္ဘာ့လူသားကောင်းဖြစ်လာရန်၊ လူ့အဖွဲ့အစည်းအားလုံးသည် သင်ယူသူများဖြစ်လာရန်နှင့် ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရန်လိုကြောင်း၊ ဆန်းသစ်တီထွင်သည့် သင်ကြားသင်ယူမှုနည်းလမ်းဖြင့် ဦးဆောင်ရန်လိုကြောင်း၊ ဆန်းသစ်သည့် စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် သဘောထားအမြင်များ၊ ဆန်းသစ်တီထွင်၍ ခေတ်မီနည်းပညာများ အသုံးပြု၍ အနာဂတ် အလုပ်အကိုင်များ ဆောင်ရွက်ရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းလာ၍ ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းနှင့် အလုပ်အကိုင်အသစ်များ ပေါ်ထွက်လာကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများသတ်မှတ်ပြီး ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို ဖွင့်လှစ်ရန်လိုအပ်ပြီး တက္ကသိုလ်များတွင် လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲမှု(University Autonomy)၊ မဟာစီမံကိန်း (Master Plan)၊ တက္ကသိုလ်ပဋိညာဉ်စာတမ်း(University Charter) စသည်များနှင့်အညီ တက္ကသိုလ်များတွင် တက္ကသိုလ်ကောင်စီ (University Council)၊ ပညာရေးအဖွဲ့(Senate)၊ စီမံခန့်ခွဲမှုအဖွဲ့(Administrative Board)၊ သုတေသန (Research)၊ သင်ရိုး (Curriculum)၊ သင်ကြားသင်ယူမှု (Teaching-Learning)၊ စာတွေ့(Theory)၊ လက်တွေ့ (Practical)စသည်များနှင့် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ များကိုဖွဲ့စည်းပြီး တက္ကသိုလ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် အားပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

 

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««