ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် Apple နဲ့ Google Maps ဖော်ပြထား

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေကို သာမန်ကိစ္စအဖြစ် ကိုင်တွယ်ဖို့ ခက်ခဲပြီး ပဋိပက္ခဖြစ်ပွားနေချိန်မှာ ကုမ္ပဏီတွေက ဘက်မလိုက်တဲ့ မြေပုံ ဒါမှမဟုတ် ရှာဖွေမှု ဝန်ဆာင်မှုအဖြစ် ထောက်ပံ့လိုပေမယ့် တစ်ဖက်ဖက်ကို ရပ်ရပါတယ်။

အခုဆိုရင် Apple ဟာ ယူကရိန်းက ခရိုင်းမီးယားသိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က ရပ်တည်ခဲ့ပြီး Google ကလည်း ရုရှားအကျိုးစီးပွားကို ထည့်သွင်း စဉ်းစားခဲ့ပါတယ်။ ပင်လယ်နက် မြောက်ဘက်က ကျွန်းဆွယ်အကြီးစား ခရိုင်းမီးယားဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားလက်အောက် ရောက်ရှိခဲ့ပါတယ်။ ယူကရိန်းနိုင်ငံအတွင်း ခရိုင်းမီးယားအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးမတည်မငြိမ်မှုအတွင်း ရုရှားလက်အောက် ကျရောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချပြီး ရုရှားက အသာစီးရယူဖို့ အကျပ်အတည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ရုရှားစစ်တပ် ဝင်ရောက် တပ်စွဲမှုက ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အရင်ကာလတုန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းပိုင်နက်အဖြစ် Apple နဲ့ Google က Maps မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက ကုမ္ပဏီတွေဆီကို တရားဝင် တိုင်ကြားစာပေးပို့ခဲ့ပြီး ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် မသတ်မှတ်တာက ရာဇဝတ်မှုဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ အခုဆိုရင် Apple နဲ့ Google က ရုရှားတောင်းဆိုချက်အတိုင်း လိုက်လျောပေးလိုက်ပါတယ်။

Apple ရဲ့ Maps နဲ့ Weather app မှာ ရုရှားပိုင်နက်အဖြစ် ခရိုင်းမီးယားအတွင်း တည်နေရာတွေ ဖော်ပြထားပါတယ်။ အမေရိကန်ကနေ Apple နဲ့ Google Maps ကိုအသုံးပြုမယ်ဆိုရင် ခရိုင်းမီးယားကို ကြားနယ်မြေအဖြစ် ဖော်ပြထားပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ရုရှား ဒါမှမဟုတ် ယူကရိန်းလည်း မဟုတ်တဲ့ နယ်မြေအဖြစ် Apple နဲ့ Google Maps မှာဖော်ပြထားပါတယ်။

စိုးထက်
Ref: TechCrunch