ကွမ်တမ်ကွန်ပျူတာ သို့မဟုတ် ကွက်လပ်ဖြည့်ပေးမယ့် အနာဂတ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Google က သူတို့ကိုယ်သူတို့ ကွမ်တမ်အရာမှာ နှာတစ်ဖျားသာသွားပြီလို့ ကြွေးကြော်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ ပြေးပွဲမှာ တခြားသူတွေထက် ခြေတစ်လှမ်းမက သာနေပြီလို့ ဆိုချင်တာပါ။ ဒီသတင်းကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (နာဆာ) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ပန်းမဝင်ခင် တက်မထောင်ချင်တဲ့ စိတ်ကို ချိုးနှိမ်တဲ့သဘောနဲ့ အချိန်အနည်းငယ်အတွင်း သတင်းကို ပြန်ဖြုတ်ပစ်ခဲ့ပါတယ်။ ဒီသတင်းကို The Financial Times သတင်း
စာကြီးက မိမိရရဖမ်းဆုပ်ပြီး ပြန်လည် ဖော်ပြလိုက်တဲ့အခါမှာတော့ “ပရိုဂရမ်သွင်းနိုင်တဲ့ စူပါပရိုဆက်ဆာတွေကို အသုံးပြုပြီး ကွမ်တမ် အသာစီးရယူခြင်း” ခေါင်းစဉ်နဲ့ Google ရဲ့ စာတမ်းက နည်းပညာချစ်သူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

Google ၏ အောင်မြင်မှု မှတ်တိုင်သစ် (သို့မဟုတ်) ကွမ်တမ်ကွန်ပျူတာ

ကွမ်တမ်ကွန်ပျူတာ ဒါဖြင့် ကွမ်တမ်ကွန်ပျူတာဆိုတာ ဘာလဲ၊ ဒီကွန်ပျူတာတွေကို အသုံးပြုပြီး တွက်ချက်ခြင်းက ဘာတွေ ထူးခြားလို့လဲ မေးစရာ ရှိလာပါတယ်။ ဘာလဲဆိုတဲ့ မေးခွန်းကို အရင်မပြောခင် ဘာထူးလဲဆိုတာကို Google ရဲ့ စာတမ်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အခုတည်ဆောက်လိုက်တဲ့ သူတို့ရဲ့ ကွမ်တမ်ကွန်ပျူတာက တွက်ချက် မှုတစ်ခုကို စက္ကန့် (၂၀၀) နဲ့ အပြီးလုပ်ဆောင်ပြ ခဲ့ပါတယ်။ ဒီတွက်ချက်မှုကို ကျွန်တော်တို့ လက်ရှိသုံးနေကျပုံစံနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာက တွက်ချက်မယ်ဆိုရင် နှစ်ပေါင်း (၁၀၀၀၀) ဝန်းကျင် ကြာမြင့်နေမှာပါတဲ့။ တွက်ချက်မှုစွမ်းရည်က အဲဒီလောက် အထိတောင် ကွာခြားမှုရှိပါတယ်။

လက်ရှိကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေက အချက်အလက်တွေကို ဘိုင်နရီ စနစ်အရ သုညဒါမှမဟုတ် တစ်ဆိုတဲ့ အခြေအနေအဖြစ် သိုလှောင်ပြီး တွက်ချက်မှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အငယ်ဆုံး ယူနစ် 1 bit မှာ သုည ဒါမှမဟုတ် တစ်အခြေအနေ တစ်ရပ်သာရှိမှာ ဖြစ်ပါတယ်။ ကွမ်တမ်ကွန်ပျူတာတွေမှာတော့ အဲဒီ bit ယူနစ်အစား qubit လို့ခေါ်တဲ့ quantum bit တွေကို အသုံးပြုလုပ်ဆောင်ပါတယ်။

Qubit တွေရဲ့ ထူးခြားချက် ကတော့ ကွမ်တမ်ဖြစ်စဉ်ရဲ့ လက္ခဏာတစ်ရပ် ဖြစ်တဲ့ Super position ဆိုတာကို လိုက်နာတာ ဖြစ်ပါတယ်။ ဒီလက္ခဏာအရ သတ်မှတ်တဲ့ အချိန်တစ်ခုမှာ သုညရော၊ တစ်ရော အခြေအနေနှစ်ရပ် တည်ရှိနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် qubit တစ်စုံဆိုရင် အခြေအနေ (၄) ခု၊ qubit သုံးခု ဆိုရင် အခြေအနေ (၈) ခု စသဖြင့် သိုလှောင်နိုင်ပါလိမ့်မယ်။ ပမာဏနည်းတဲ့အချိန်မှာ သိပ်မသိသာသေးပေမယ့် qubit သုံးရာဆိုရင်တော့ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ အက်တမ်တွေအားလုံးထက် ပိုများတဲ့ အခြေအနေတွေကို သို လှောင်နိုင်နေပါပြီ။

ကွမ်တမ်ကွန်ပျူတာ အစ

တကယ်တော့ ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်ရေးဆိုတဲ့ အကြံက (၁၉၈၀) ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရူပဗေဒပညာရှင် ပေါလ်ဘန်းနီးအော့ဖ်က ကွမ်တမ်ကွန်ပျူတာ မော်ဒယ်လ်တစ်ခု အကြောင်း ရေးသားခဲ့ပြီး (၁၉၈၀) ခုနှစ် ဧပြီလမှာ ပုံနှိပ်ထုတ်ဝေခဲ့ ပါတယ်။ အဲဒီ နောက်တစ်နှစ်အကြာ MIT နဲ့ IBM တို့ ပူးပေါင်းစီစဉ်ပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ “တွက်ချက်မှုများ၏ ရူပဗေဒ သဘောတရားများ” ကွန်ဖရင့်မှာ ပေါလ်နဲ့အတူ တခြားရူပဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ရစ်ချက် ဖေးမန်းတို့က ကွမ်တမ် ကွန်ပျူတာတွေ အသုံးပြုတွက်ချက်ခြင်း အကြောင်း ဟောပြော ခဲ့ကြပါတယ်။

“သဘာဝလောကကြီးဆိုတာ ရိုးရိုးရှင်းရှင်းကြီး မဟုတ်ဘူး။ သဘာဝလောကကြီးနဲ့ ထပ်တူကျတာမျိုး ဖန်တီးချင်တယ်ဆိုရင် ကွမ်တမ်ကွန်ပျူတာသုံးပြီး တွက်မှ ပိုအဆင်ပြေမယ်” လို့ ဖေးမန်းက စိတ်အားတတ်ကြွစွာနဲ့ ဟောပြောရင်း ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီလိုနဲ့ ခေတ်အဆက်ဆက် ကြိုး စားလာခဲ့ကြရာကနေ (၂၀၀၉) ခုနှစ်မှာ ယေးလ်တက္က သိုလ်က ပထမဆုံးကွမ်တမ် ပရိုဆက်ဆာ တစ်ခုကို တည်ဆောက်ပြခဲ့ပါတယ်။ အဲဒီစူပါပရိုဆက်ဆာမှာ အလူမီနီယမ်အက်တမ်ပေါင်း တစ်ဘီလျံကို အသုံးပြုပြီး လူလုပ် အက်တမ်တစ်ခု ဖန်တီးထားပါတယ်။ အဲဒီ တစ်ခုတည်းသော အက်တမ်လေးက qubit အခြေအနေနှစ်ရပ်ကို သိုလှောင် နိုင်စွမ်း ရှိလာပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ကွမ်တမ်နယ်ပယ်မှာ အသိပညာ ပိုမိုတိုးပွားအောင် ကိုးစားရှာဖွေဖော် ထုတ်ခဲ့ကြတဲ့ ဒေးဗစ်ဝိုင်းလန်းနဲ့ ဆာဂျီ ဟာရိုရှီတို့ကို နိုဗယ်ဆု ချီးမြှင့်ခဲ့ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်တွေကြောင့် ကွမ်တမ်ကွန်ပျူတာတွေ ထွက်ပေါ်လာဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ Google က သူတို့ရဲ့ ကွမ်တမ် သုတေသနဓာတ်ခွဲခန်းကို စတင်ဖွင့် လှစ်ခဲ့ပါ
တယ်။ အဲဒီဓာတ်ခွဲခန်းကို နာဆာရဲ့ သုတေသနစင်တာမှာ ပူးတွဲအခြေစိုက်ထားပြီး ကွမ်တမ်ကွန်ပျူတာ သုတေသနတွေကို လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီနောက် နှစ်နှစ်အကြာမှာ နာဆာက အလုပ်လုပ်နိုင်တဲ့ ပထမဆုံး ကွမ်တမ်ကွန်ပျူတာကို အဲဒီ ဓာတ်ခွဲခန်းမှာပဲ တည်ဆောက်ပြီး အများပြည်သူကို တရားဝင် ပြသခဲ့ပါတယ်။ ဒီကွန်ပျူတာကို Google က ဝယ်ယူခဲ့ပြီး လေ့လာစမ်းသပ်
မှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မေရီလန်းတက္ကသိုလ် သိပ္ပံပညာရှင်တွေက ပရိုဂရမ်တွေ ထည့်သွင်းနိုင်မယ့် ပထမဆုံး ကွန်ပျူတာကို တည်ဆောက်နိုင်ခဲ့ချိန် နောက်ပိုင်းမှာတော့ ကွမ်တမ်ကွန်ပျူတာဆိုတာ နည်းပညာ ကုမ္ပဏီကြီးတွေသူနိုင် ကိုယ်နိုင် အပြိုင်ကြဲရမယ့် အနာဂတ် စစ်တလင်းသဖွယ် ဖြစ်လာခဲ့ပါပြီ။

ပြိုင်ပွဲဝင်တွေက ဘယ်သူလဲ

Google ကတော့ ၂၀၁၇ ခုနှစ်အကုန်မှာ ကွမ်တမ် ကွန်ပျူတာ နယ်ပယ်အတွင်း အသာစီးရကို ရစေရမယ်လို့ ပြောင်ပြောင်တင်းတင်း ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အားထားခဲ့တဲ့ 72-qubit ကွမ်တမ်ကွန်ပျူတာကို တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်အောင် ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြစ်ချင်တဲ့ဆန္ဒကို နည်းနည်းလျှော့ပြီး Sycamore လို့ ခေါ်တဲ့ 53-qubit ကွမ်တမ်ကွန်ပျူတာကို ပြောင်းလဲ တည်ဆောက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လက်ရှိ အောင်မြင်မှုကို ရယူနိုင်ခဲ့တာပါ။

၁၉၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာအသုံးပြု တွက်ချက်ခြင်းနယ်ပယ်မှာ ခေတ်အဆက်ဆက် ရပ်တည်နိုင်ခဲ့တဲ့ IBM ကတော့ နောက်မှ ပေါက်တဲ့ရွှေကြာပင်ကို သိပ်ကြည်လင်ပုံ မရပါဘူး။ IBM ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် ဒါရီယိုဂီးလ်က Google အနေနဲ့ကွမ်တမ်အရာမှာ နှာတစ်ဖျားသာနေပြီဆိုတာ သိသာလွန်းတဲ့ အမှားကြီးလို့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ Google ရဲ့ လက်ရာက ပြဿနာတစ်ခုတည်းကိုပဲ တွက်ချက်အဖြေရှာဖို့ အထူးပြုလုပ် ဖန်တီးထားတဲ့ ပုံစံဖြစ်ပြီး အထွေထွေဘက်စုံသုံး မဟုတ်သေးတဲ့ အတွက်ကြောင့် IBM ရဲ့ ကွမ်တမ်ကွန်ပျူတာလောက် မကောင်းပါဘူးလို့ ပြောလိုက်ပါသေးတယ်။

ဒီနှစ်အစောပိုင်းမှာ IBM ကလည်း သူတို့ရဲ့ ကွမ်တမ် ကွန်ပျူတာ Q System One ကို တည်ဆောက်ပြထားဖူးပါတယ်။ လက်တွေ့အသုံးပြုလို့ မရသေးပေမယ့် ပေါ်ခဲ့ဖူးသမျှ ကွမ်တမ် ကွန်ပျူတာတွေထက် သာလွန်နေတာကိုတော့ ပြိုင်ဘက်အားလုံး လက်ခံခဲ့ရပါတယ်။ အထူးသဖြင့် အပူဒဏ်၊ လျှပ်စစ်ဓာတ်အားတို့ကြောင့် ကွမ်တမ် ကွန်ပျူတာတွေက တည်ငြိမ်မှုရှိဖို့ ခက်ခဲလွန်းခဲ့တာပါ။ ဒီပြဿနာတွေကို IBM ရဲ့ လက်ရာမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြသွားခဲ့ပါတယ်။

Google ရဲ့ အောင်မြင်မှုအပေါ်မှာ တခြားပြိုင်ဘက် တစ်ဦးဖြစ်တဲ့ Intel ကတော့ မုဒိတာ ပွားနိုင်ခဲ့ပါတယ်။ Intel ရဲ့ ကွမ်တမ်ဌာန ဒါရိုက်တာ ဂျမ်ကလပ်က ဒီအောင်မြင်မှုကြောင့် ကွမ်တမ်ကွန်ပျူတာသုံး တွက်ချက်ခြင်း ပန်းတိုင်ကို အားလုံးအတွက် တစ်လှမ်း နီးသွားစေပါတယ်လို့ အားပေး စကားပြောလိုက်ပါတယ်။ တွက်ချက်မှုတွေ လုပ်ဆောင်ဖို့ ပရိုဆက်ဆာတွေ ခေတ်အဆက်ဆက် ထုတ်လုပ်ခဲ့တဲ့ Intel ရဲ့ သဘောထားကြီးမှုက အတုယူစရာ ကောင်းလှပါတယ်။ အထူးသဖြင့် Intel မျိုးဆက် အားလုံး မချိုးဖျက်နိုင်သေးတဲ့ ဥပဒေသတစ်ခုကို Google က ရိုက်ချိုးဖို့ အခွင့်အလမ်းများနေချိန်မှာ ဒီစကားကြား
ရတာ အံ့သြစရာတောင် ကောင်းနေပါသေးတယ်။

၁၉၆၅ ခုနှစ်မှာ ဂေါ်ဒွန်မိုးက စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ကွန်ပျူတာတွေရဲ့ တွက်ချက်နိုင်စွမ်းက နှစ်နှစ်ပြည့်တိုင်းနှစ်ဆသာ တိုးတက်လာလိမ့်မယ်လို့ သူက ခန့်မှန်းထားခဲ့တာပါ။ အခုချိန်ထိအောင် ဒီအတိုင်း ဖြစ်လာနေခဲ့တာကြောင့် နည်းပညာလောကမှာ မိုးရဲ့ ဥပဒေသဆိုပြီး အခိုင်အမာ တည်ရှိနေဆဲဖြစ်ပါတယ်။ Intel ကို ပူးတွဲတည်ထောင်သူကြီး မိုးရဲ့
ဥပဒေသကို လက်ရှိ မျိုးဆက်တွေအထိ ချိုးဖျက်မပြနိုင်သေးပါဘူး။ ဒါပေမဲ့ Google ကတော့ ကွမ်တမ်ကွန်ပျူတာတွေ တည်ဆောက်ပြပြီး တွက်ချက်နိုင်စွမ်းကို ထပ်ညွှန်းကိန်းနဲ့ ဆပွားတိုးမြှင့်
ပစ်မယ်လို့ ကြိမ်းဝါးနေပါပြီ။

အလားအလာ

ကွမ်တမ် ကွန်ပျူတာတွေ တည်ဆောက်နိုင်ရေးအတွက် အခုလို ကျားကုတ်ကျားခဲ ကြိုးစားနေကြတယ်ဆိုတာ နည်းပညာ သစ်ပြိုင်ဆိုင်မှုသက်သက်ထက် ပိုပါတယ်။ အထူးသဖြင့် ဘိုင်နရီစနစ်သုံး လက်ရှိကွန်ပျူတာတွေအဖို့ အချိန်ကြာမြင့်စွာ တွက်ချက်နေရတဲ့ ကိစ္စတွေကို ကွမ်တမ် ကွန်ပျူတာတွေက အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ဒါကြောင့် Cryptography, Artificial Intelligence, Machine Learning အပြင် တခြားနည်းပညာနယ်ပယ်တွေမှာ နှာတဖျားတင်မက အရင်းထိ သာလွန်သွားမှာ ဖြစ်ပါတယ်။

ငွေကြေးနဲ့ တိုင်းထွာကြည့် ချင်တဲ့သူတွေအတွက်လည်း နမူနာလေးတစ်ခုက အဆင်သင့် ရှိနေပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်း မှာ အက်ဒ်ဝပ် စနိုးဒန်းက အမေရိကန်ထောက်လှမ်းရေးရဲ့ လျှို့ဝှက် အချက်အလက်တွေကို ဖွင့်ချခဲ့ပါတယ်။ အဲဒီထဲက တစ်ခုမှာ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ရဲ့ “ခက်ခဲ လွန်းတဲ့ ပစ်မှတ်တွေကို ဖောက်ထွင်းဝင်ရောက်ခြင်း” အစီအမံတစ်ခုကို ဖော်ပြထားပါတယ်။ ဒီလို ဖောက်ထွင်းဝင်ရောက်နိုင်ဖို့ ကွမ်တမ်ကွန်ပျူတာတွေကို အသုံးပြုမှာဖြစ်ပြီး ကွမ်တမ်ကွန်ပျူတာသုတေသနအတွက် အမေရိကန် ဒေါ်လာ (၇၉.၇) သန်းကို သုံးစွဲခွင့်ပြုထား
ပါတယ်တဲ့။

၁၉၃၉ ခုနှစ်မှာ ဂျာမန်လူမျိုး ကွန်းရက် ဇူးစ်က သူ့ရဲ့ တတိယမြောက်ကွန်ပြူတာ Z3 ကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီ ကွန်ပျူတာက ပရိုဂရမ်ရေးသွင်းနိုင်တဲ့၊ လက်တွေ့ လုပ်ဆောင်နိုင်တဲ့ ပထမဆုံးဘက်စုံသုံး ကွန်ပျူတာ ဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်မှာ ဂျာမန်စစ်တပ်ကို ချဉ်းကပ်ပြီး ဒီအတွက် သုတေသန ဆက်လုပ်ဖို့ တောင်းဆိုတဲ့အခါ ကွန်ပျူတာ တည် ဆောက်ဖို့ကြာချိန် နှစ်နှစ်အတွင်း စစ်ပွဲကြီးကို အနိုင်တိုက်ပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်မှုလွန်ကဲနေတဲ့ ခေါင်းဆောင်တွေက သူ့ကို ငြင်းပယ်ခဲ့ကြပါတယ်။ လက်နက်တွေ ထုတ်လုပ်ဖို့ အားသန်နေတဲ့ စစ်ခေါင်းဆောင်တွေက ဇူးစ်ကို ကွန်ပျူတာနဲ့ဝေးရာ လေကြောင်း အင်ဂျင်နီယာဌာနကို ပြန်ပို့ခဲ့ကြပါတယ်။ ကွန်ပျူတာ တွေရဲ့ တွက်ချက်နိုင်စွမ်းကို အကြောင်းသိပြီးဖြစ်တဲ့ ခေတ်သစ် အဖွဲ့အစည်းတွေကတော့ ဒီလိုအမှားမျိုး ထပ်မမှားချင်ကြတော့ပါဘူး။

Microsoft ဘယ်ရောက်နေလဲ

ကွမ်တမ်နိယာမတွေဆိုတာ လူတိုင်း နားလည်နိုင်မယ့် ကိစ္စတွေတော့ မဟုတ်ပါဘူး။ ကွမ်တမ်ကွန်ပျူတာဆိုတာကလည်း ဒီအတိုင်းပါပဲ။ ကွမ်တမ် ကွန်ပျူတာတွေ အကြောင်းကို ဒီထက်
ပိုပြီး ကျွန်တော်တို့ နားမလည်ရင်လည်း ကိစ္စမရှိပေမယ့် ကြားဖူးနေကျ နည်းပညာဘီလူးကြီး Microsoft က ဘယ်ရောက်နေပါလိမ့်။

ဒီအတွက် Microsoft ရဲ့ နောက်ကွယ်က ဦးနှောက်ကြီး ဘီလ်ဂိတ်ရဲ့ အဖြေက ရှင်းပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း CSBN သတင်းဌာနရဲ့ တွေ့ဆုံခန်းတစ်ခုမှာ ဘီလ်ကို ကွမ်တမ်အကြောင်း မေးတဲ့အခါ “ကျွန်တော်က ရူပဗေဒရော သချင်္ာပညာကိုပါ အတိုင်း အတာတစ်ခုအထိ ကျွမ်းကျင်ပါတယ်၊ ဒါပေမဲ့ ကွမ်တမ် အကြောင်း ဟောပြောပြီ၊ ပုံတွေ ပြပြီဆိုရင် အရုပ်တွေပဲ မြင်ပြီးဘာမှ ခေါင်းထဲ ဖော်မရတော့ဘူးဗျာ” လို့ ဘီလ်က ပွင့်ပွင့်လင်းလင်း ဝန်ခံ
ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဘီလ်ရဲ့နံဘေးက လက်ရှိအမှုဆောင် အရာရှိချုပ် ဆက်ရာနာဒယ်လာဆီ မြှားဦးလှည့်သွားခဲ့ပါတယ်။ ကွမ်တမ် ကွန်ပျူတာသုံး တွက်ချက်ခြင်း အကြောင်းကို စကားတစ်ခွန်းတည်းနဲ့ ရှင်းပြပေးပါလားတဲ့။ နာဒယ်လာက “ရှင်းပြနိုင်မယ်လို့ ကျွန်တော် မထင်ဘူးဗျ၊ ရှင်းပြလို့ရရင် ကောင်းမှာပဲ” လို့ ရှက်ပြံုးလေးနဲ့ ပြန်ဖြေခဲ့ပါတယ်။ ဘီလ်ဂိတ်ကော၊ ဆက်ရာ နာဒယ်လာကော ဘာတွေ လျှိုနေတယ်ဆိုတာကိုတော့ လာမယ့်နှစ်တွေအတွင်းမှာ စောင့်ကြည့်ရမှာပါ။

မူလရင်းမြစ်ဆီသို့

လက်ရှိ ကွန်ပျူတာတွေပဲ ဖြစ်ဖြစ်၊ ကွမ်တမ်ကွန်ပျူတာတွေပဲဖြစ်ဖြစ် မူလအသက်သွေးကြောကို ရှာကြည့်လိုက်ရင် (၁၉) ရာစု အစောပိုင်းကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီကာလမှာ သချင်္ာပညာရှင် ချားလ်ဘာဘေ့က တွက်ချက်ပေးနိုင်မယ့် စက်တစ်လုံးကိတီထွင်ဖို့ စတင်စိတ်ကူးမိခဲ့ပြီး ဒီစက်အတွက်မှတ်စုကို အခြား သချင်္ာပညာရှင် တစ်ယောက်ဖြစ်သူ အက်ဒ်ဒါလဗ်လေ့စ်က ရေးသားပေးခဲ့ပါတယ်။ အက်ဒ်ဒါက အတွက်အချက် စက်တစ်လုံးမှာ ရှိရမယ့် ဂုဏ်သတ္တိလေးချက်ကို သေသေချာချာ အုတ်မြစ်ချပေးခဲ့တာပါ။ အနှစ်ချုပ်အားဖြင့် အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ပြဿနာတစ်ရပ်တည်း အတွက် သီးသန့်မဟုတ်ဘဲ အားလုံးအတွက် ဘက်စုံအသုံးပြု တွက်ချက်ပေးနိုင်သော စက်ဖြစ်ရမယ်။

(၂) သချင်္ာဂဏန်းများသာမက သင်္ကေတဖြင့် ဖော်ပြ၍ရသော အကြောင်းအရာအားလုံး (စာပေ၊ ဂီတ၊ ယုတ္တိဗေဒ) ကို ထည့်သွင်းတွက်ချက်ပေးနိုင်ရမယ်။

(၃) လုပ်ဆောင်မှု အဆင့်ဆင့်ကို သတ်မှတ်ထည့်သွင်း ပေးလိုက်သည့်အခါ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်ရမယ်။

(၄) သတ်မှတ်ထားသည့် အတိုင်း တွက်ချက်နိုင်ပေမယ့် သူ့ ဘာသာ အစပြု ဆောင်ရွက်ခြင်း၊ ထင်မြင်ချက်ပြု လုပ်ဆောင်ခြင်း တစ်နည်းအားဖြင့် လူသားကဲ့သို့ တွေးတောနိုင်ခြင်းရှိမည် မဟုတ်ပါ။

အက်ဒ်ဒါရဲ့ အံ့မခန်း ဉာဏ် အမြော်အမြင်ပါရမီကြောင့် ကွန်ပျူတာတွေဟာ အဲဒီဂုဏ်သတ္တိတွေအတိုင်း ဖြစ်နေဆဲပါပဲ။ ဒါကြောင့်လည်း သူ့ကို ကွန်ပျူတာတွေရဲ့ မွေးမိခင်ကြီးလို့ တင်စားကြတာပါ။ လက်ရှိ အချိန်မှာ ကွန်ပျူတာတွေကို နယ်ပယ်စုံမှာ မျိုးစုံ အသုံးပြုနိုင်လာပါတယ်။ စာပေ၊ ဂီတသာမက ရုပ်ပုံတွေ ဗီဒီယိုတွေ အထိပါ တွက်ချက်ဆောင်ရွက်စေနိုင်ပါတယ်။ လုပ်ဆောင်မှု အဆင့်ဆင့် အယ်လ်ဂိုရစ်သမ်တွေ ရေးဆွဲပြီး ပရိုဂရမ်တွေ ထည့်သွင်းဆောင်ရွက်စေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး တစ်ချက်ဖြစ်တဲ့ လူသားကဲ့သို့ တွေးခေါ်နိုင်ခြင်း မရှိဆိုတဲ့ အချက်ကိုတော့ ကွမ်တမ် ကွန်ပျူတာတွေလက်ထက်မှာ ထည့်သွင်းစဉ်းစားဖို့လိုမယ်၊ မလိုဘူးဆိုတာ ဆက်လက်စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

-လုကာကျော်
REF : The Verge, Wiki