ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ ပိတ်သိမ်းခံရမည်

ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေဟာ ပိတ်သိမ်းခံရမယ့် ဆင်းမ်ကတ်တွေ ဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ကြေညာလိုက်ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အများပြည်သူများအနေဖြင့် ဆင်းမ်ကတ်တွေကို ဝယ်ယူသုံးစွဲရာမှာ စနစ်တကျမှတ်ပုံတင်ပြီးမှသာ ဝယ်ယူသုံးစွဲကြရန် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့ပြီး ဖြစ်ပြီး ယနေ့အချိန်အထိ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေကို အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင် (Point of Sale) များမှာ ဝယ်ယူရရှိနိုင်ကြောင်း တွေ့ရှိနေရတယ်လို့ သိရပါတယ်။

အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင် (Point of Sale) တချို့ဟာ သက်သေခံလက်မှတ်ပါ အချက်အလက်တွေကို ပြင်ဆင်ပြီး ဆင်းမ်ကတ်တွေကို ကြိုတင်မှတ်ပုံတင် ရောင်းချနေကြောင်း တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ စာတမ်းအမှတ်အသား လိမ်လည်အတု ပြုလုပ်ခြင်းဖြစ်၍ တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်တဲ့အတွက် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနဲ့အညီ အရေးယူခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေအနေနဲ့လည်း ဆင်းမ်ကတ်တွေ ဝယ်ယူရာမှာ မိမိရဲ့သက်သေခံလက်မှတ် (မူရင်း) ဖြင့် မှတ်ပုံတင်ပြီးမှသာ ဝယ်ယူအသုံးပြုကြပါရန်နဲ့ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်များမှာ ပိတ်သိမ်းခံရမယ့် ဆင်းမ်ကတ်များဖြစ်တာကြောင့် မိမိတို့ရဲ့ဖြည့်သွင်းငွေများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းမ်ကတ်တွေကို ဝယ်ယူသုံးစွဲခြင်း မပြုဖို့ အသိပေးနှိုးဆော်ထားတာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««