ကွန်ပျူတာမလို၊ Jailbreak လုပ်ထားစရာမလိုဘဲ iOS 11 မှာ အသံပါဝင်တဲ့ Screen Record ဘယ်လိုလုပ်မလဲ

အရင်က iPhone မှာ screen Record လုပ်မယ်ဆိုရင် Mac နဲ့ ချိတ်ပြီး Quick Time Player က တစ်ဆင့် record လုပ်ရပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ AirShou လို့ခေါ်တဲ့ unofficial app ကို သုံးပြီးလုပ်ရမှာပါ။ AirShou ကို ထည့်သွင်းဖို့ကလည်း အနည်းငယ် ရှုပ်ထွေးလှပါတယ်။ ခု iOS 11 မှာတော့ Apple က တရားဝင်အနေနဲ့ အသုံးပြုနိုင်အောင် screen recording tool ကို ထည့်သွင်း ပေးလိုက်ပါတယ်။

iOS 11 မှာပါဝင်လာတဲ့ Screen Recording tool ကို သုံးပြီး screen record ကို အသံနဲ့တွဲကာ record လုပ်နိုင်မှာဖြစ်တဲ့အပြင် record ဖိုင်ကို ဖုန်းရဲ့ photo app မှာ သိမ်းဆည်းပေးမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ နောက်ပိုင်းမှာ ပြန်လည် တည်းဖြတ်တာတွေကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး Screen Recording Shortcut ကို ထည့်သွင်းပါမယ်။ ဘာလို့လဲဆိုတော့ ဒီ Shortcut ကို default အနေနဲ့ enable မလုပ်ပေး ထားလို့ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းထဲကနေ Settings icon ကိုနှိပ်ပြီး Settings စနစ်ထဲဝင်လိုက်ပါ။

Settings စနစ်ထဲရောက်သွား ရင်တော့ Control Center ကိုရှာပြီး နှိပ်ပါ။ Control Center ထဲကို ရောက်သွားရင်တော့ Customize Controls ဆိုတဲ့စာသားကို ရှာပြီးထပ်နှိပ်ပါ။

Customize စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီထဲကမှ MORE CONTROLS အပိုင်းထဲက Screen Recording ဆိုတဲ့ စာသား ဘေးနားက အစိမ်းရောင် အပေါင်း သင်္ကေတ ( + ) ကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Customize စနစ်ထဲမှာ Screen Recording icon လေး အပေါ်ကို ရောက်တာတွေ့ရမှာ ဖြစ်ပါတယ်။

ခုဆိုရင် Screen record ကို အလွယ်တကူ လုပ်နိုင်ပြီဖြစ်ပါတယ်။ ဖုန်းရဲ့ မြင်ကွင်းရဲ့ အောက်ဖက်နားကနေ ပွတ်ဆွဲပြီး Control Center ကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး Screen record icon ကို တွေ့ရမှာဖြစ်ပါတယ်။

Screen Record icon ကို နှိပ် လိုက်ရင်တော့ သုံးစက္ကန့်အတွင်း မှာ Screen Recording ကို စပြီးလုပ်ပေးမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း