ကျောင်းများဖွင့်လှစ်ပြီးပါက မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်မည်

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မိဘဆရာအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တဲ့ အဖွဲ့တွေနဲ့ မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ်ကြီးကြပ်ခြင်းနဲ့ ရှောင်တခင် စစ်ဆေးခြင်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့တဲ့ ဝန်ကြီးဌာနများအကြား ညှိနှိုင်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အစည်းအဝေးတွင် ဆွေးနွေးချက်များအရ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းအချိန်အထိ ရရှိလာတဲ့ စာရင်းဇယားအရ အဆင့်-A ရရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း ၃,၇၇၂ ကျောင်းကို မူလစီစဉ်ထားတဲ့ အတိုင်း ဇူလိုင် ၂၁ ရက်တွင် စတင်ပြီး ဦးစွာဖွင့်လှစ်ခွင့်ပြုရန် ဆွေးနွေးခဲ့ပြီး အဆင့်-B ရရှိတဲ့ ၁,၂၂၀ ကျောင်နဲ့ အဆင့်-C ရရှိတဲ့ ၈၃၈ ကျောင်းကို ဒုတိယအဆင့် အနေနဲ့ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေတွေကြောင့် ခေတ္တရပ်နားထားရတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေကို COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့ ဦးဆောင် တက်ရောက်၍ ဆွေးနွေးခဲ့ကြသလို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ (၄၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနဲ့ တာဝန်ရှိသူ (၁၇) ဦးက Video Conferencing နဲ့တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ