ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက် အကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနား ကျင်းပ

ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို နိုဝင်ဘာ ၅ ရက်၊ နံနက် ၉ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

“၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ယူနက်စကို အလုပ်အမှု့ဆောင် အဖွဲ့၏ ၂၀၇ ကြိမ်မြောက် အစည်းအဝေးတွင် ပြင်သစ်၊ မက္ကဆီကို၊ မော်ရိုကိုနိုင်ငံများ၏ အဆိုပြုချက်များကို နိုဝင်ဘာလတွင် ကျင်းပခဲ့သော အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး “ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့” အဖြစ် ယူနက်စကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နိုင်ငံက သဘောတူခဲ့ပါကြောင်း၊ ကျောင်းများတွင် အနိုင်ကျင့်မှုများ ဖြစ်ပွားသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အကြမ်းဖက်မှုများသည် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်အရွယ် ကလေးများ၏ ပညာသင်ယူခွင့်၊ ကျန်းမာပျော်ရွှင်ခွင့်ကို ထိပါးနှောင့်ယှက်ခြင်းဖြစ်သည်ကို ယူနက်စကို အဖွဲ့ဝင်နိုင်ငံများက နားလည် သဘောပေါက်ကြပါကြောင်း၊ ထို့ကြောင့် နှစ်စဉ် နိုဝင်ဘာလ ပထမသီတင်းပတ်၏ ကြာသပတေးနေ့ကို ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် ကြေညာသတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူနက်စကိုက ယခုနှစ် အပြည်ပြည်ဆိုင်ရာနေ့အခမ်းအနား ဆောင်ပုဒ်ကို “ကျောင်းတွင်းအနိုင်ကျင့်မှု ကင်းဝေးဖို့ အတူလက်တွဲ ဆန့်ကျင်စို့” “Together Against Bullying in School” လို့ သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
“ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ Cyber bullying အပါအဝင် ကျောင်းတွင်းအနိုင်ကျင့်မှုတို့ဟာ ကလေးသူငယ်တွေရဲ့ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့အဟန့်အတားတစ်ရပ် ဖြစ်ပါကြောင်း၊ ဒါကြောင့် ကြီးမားသည့်ပြဿနာကို တစ်ကမ္ဘာလုံးက ပိုမို သတိထားမိစေရန် ယခုလို အပြည်ပြည်ဆိုင်ရာနေ့ကို ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့တာ ယခုနှစ်သည် ဒုတိယမြောက်နှစ် ဖြစ်ပါကြောင်း၊ ကျောင်းတွင်းအကြမ်းဖက်မှုနဲ့ အနိုင်ကျင့်မှုဆိုတာ သိမ်မွေ့နက်နဲတဲ့ ပြဿနာဖြစ်တာကြောင့် ကလေးသူငယ်တွေရဲ့အကောင်းဆုံးအကျိုးစီးပွား အတွက် ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းသား၊ ဆရာ၊ မိဘ အပါအဝင် လူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံအတွင်းရှိ ကလေးသူငယ်အားလုံးရဲ့ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးတို့ အတွက် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာရှိသူများ၊ ယူနက်စကို၊ ယူနီဆက် မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««