ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြု Mobile Tablet များကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုသို့ ဆက်လက်ဖြန့်ဝေရန်စီစဉ်လျက်ရှိ

တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၊ တိုက်နယ်နဲ့ မြို့နယ်ဆရာဝန်များထံ Mobile Tablet စုစုပေါင်း (၂၀,၀၀၀) ကျော်ကို ဖြန့်ဝေခဲ့‌ပြီးဖြစ်သလို ဖြစ်သလို အဆိုပါ Mobile Tablet များမှ တစ်ဆင့် အမျိုးမျိုးသော ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘာသာရပ်တွေကို စနစ်တကျ စီမံချက်များရေးဆွဲကာ မွမ်းမံသင်တန်းများ ပေးခြင်းများ ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ Mobile Tablet အသုံးပြုပြီ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) များအတွက် မွမ်းမံသင်တန်းပေးနိုင်ရန် ဆရာများအားသင်တန်းပေးခြင်း ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများ၊ တိုက်နယ်နဲ့ မြို့နယ်ဆရာဝန်များထံ Mobile Tablet စုစုပေါင်း (၂၀,၀၀၀) ကျော်ကို ဖြန့်ဝေခဲ့ပြီး ဖြစ်ရာ ကျန်တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုသို့လည်း Mobile Tabletများ ဆက်လက်ဖြန့်ဝေရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ Mobile Tablet များမှာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံး လုပ်နည်းများနှင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုဆိုင်ရာ စာအုပ်စာတမ်းများ ၊ အသုံးချ application များ ထည့်သွင်း ထားရှိထားတာ ဖြစ်ပြီး အဲဒီ Mobile Tablet များကို ဝန်ကြီးဌာနမှ ကျင်းပ လျက်ရှိသော Videoconferencing အစည်းအဝေးများ တက်ရောက် ရာတွင်လည်း စတင်အသုံးပြုလျက် ရှိနေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Tablet မှာ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်တွေနဲ့ အသုံးချ ကျန်းမာရေး အသိပညာပေး application များကို အသုံးပြုပြီး “ကျန်းမာရေး စကားဝိုင်းငယ်” တွေကို ပြုလုပ်လျက်ရှိရာ ရေရှည်ကာလတွင် ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတများ ကြွယ်ဝလာမှာ ဖြစ်ကြောင်းပါ ပြည်ထောင်စုဝန်ကြီး က ထည့်သွင်း ပြောကြားပါတယ်။

ယခု ဖွင့်လှစ်တဲ့သင်တန်းဟာ ဆရာဖြစ်သင်တန်းဖြစ်ပြီး ဒီသင်တန်းကနေတစ်ဆင့် ဆင့်ပွားသင်တန်းတွေကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အလိုက် ပြုလုပ်ရန် အစီအစဉ်ရေးဆွဲထားသလို E-Health ဌာနခွဲမှ Mobile Tablet များကို အသုံးပြု၍ မိမိကိုယ်တိုင် စိတ်ကြိုက်အချိန်တွင် လေ့လာလိုတဲ့သင်ခန်းစာကို လေ့လာသင်ယူ နိုင်သောသင်တန်း (Self-Paced E-Learning) သင်ခန်းစာများကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။