ကျန်းမာရေးဝန်ထမ်းတွေအတွက် မျက်နှာဖုံးတွေကို Apple လှူဒါန်း

COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို ကူညီမယ့် Apple ရဲ့အစီအစဉ်ကို တင်မ်ကွတ်ခ်က ကြေညာလိုက်ပါတယ်။ တင်မ်ကွတ်ခ်ရဲ့ Twitter ဗီဒီယိုသစ်မှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် မျက်နှာဖုံးအရေအတွက် သန်း၂၀ ထုတ်လုပ်ထားကာ အခုထက် ပိုမိုတွန်းအားပေး ထုတ်လုပ်သွားမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ကျန်းမာရေးဝန်ထမ်းတွေကို မျက်နှာဖုံး ၁၀ သန်း ထုတ်လုပ် လှူဒါန်းခဲ့တယ်လို့ တင်မ်ကွတ်ခ်ကပြောခဲ့ပြီး အခုအခါမှာ မျက်နှာဖုံးအရေအတွက် သန်း၂၀ အထိ ရှိလာပါတယ်။ မျက်နှာဖုံးတွေကို Apple ရဲ့ supply chain ကတစ်ဆင့် ရယူထားတာ ဖြစ်ပါတယ်။

ဆေးပညာလုပ်သားတွေအတွက် အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေကို Apple ကဒီဇိုင်းရေးဆွဲပေးထားပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ဆန်တာကလာရာတောင်ကြားက ကိုင်ဆာဆေးရုံအတွက် မျက်နှာဖုံးတွေကို ပထဆုံးအကြိမ်ပေးပို့ခဲ့ပါတယ်။ ဆေးပညာဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုက အလွန်ကောင်းမွန်တယ်လို့ ကွတ်ခ်က ပြောခဲ့ပါတယ်။

Apple အနေနဲ့ အခုတစ်ပတ်အကုန်မှာ မျက်နှာဖုံး ၁ သန်းကို တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ တစ်ပတ်တစ်ခါ မျက်နှာဖုံး ၁ သန်း တင်ပို့နိုင်ဖို့အထိ စီစဉ်ထားပါတယ်။

စိုးထက်
Ref: 9to5Mac